ဖမ်းဆီးမှုမှ ပြန်လွတ်လာသည့် သျှမ်းနီ တာဝန်ခံလူငယ် လက်ရှိဆေးကုသမှုခံယူနေရ

0

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းကို ခံရသည့် သျှမ်းနီစာပေနှင့်ယဥ်ကျေးမှု တာဝန်ခံ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်း ပြန်လည်လွတ်မြောက် လာပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းသိရသည်။

သျှမ်းနီးလူငယ် ဆေလိုင်း

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသည့် ဗန်းမောက်မြို့နယ်မှ သျှမ်းနီ လူငယ်သည် ယမန်နေ့ (ဇွန်လ ၂၃) ရက် ညနေ ၃ နာရီဝန်းကျင်အချိန်တွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ဗန်းမောက်မြို့မှ သျှမ်းနီလူငယ်ကွန်ယက် ဥက္ကဌက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ဆီကို ပြန်လွှတ်ပေးမယ်ဆိုပြီး အကြောင်းလာလို့ သူအဖမ်းခံရတဲ့ မံကပ်ကျေးရွာမှာပဲ သွားကြိုခဲ့ရပါ တယ်၊ ကျနော်တို့သွားကြိုတဲ့အချိန်မှာ လက်နက်ကိုင်တပ်သားတွေက သူ့ခြေလက်နှစ်ဖက်လုံးကို ကြိုးတုပ်ထားတယ်၊ လက်ရှိတော့ ဆေးကုသမှုခံယူနေရပါတယ်” ဟု သျှမ်းနီလူငယ်ကွန်ယက် ဥက္ကဌက ပြောသည်။

၎င်းဖမ်းဆီးခံထားရသည့် ၅ ရက်တာ ကာလအတွင်းတွင် နေရာ ၄ နေရာပြောင်းရွေ့နေထိုင်ရပြီး ဖမ်းဆီးခံ ထားရသည့် ကာလအတွင်း တတိယမြောက်နေ့မှ စတင်ကာ လက်နက်ကိုင်တပ်ဖွဲ့တို့၏ ရိုက်နက်ကန်ကြောက် စစ်ဆေးခြင်းကို ခံရကြောင်း သိရသည်။

ယင်းကဲ့သို့ ရိုက်နက်ကန်ကြောက်ခံရသည့် ဖြစ်စဥ်များကြောင့် လက်ရှိတွင် ဆေးကုသမှုများခံယူနေရကြောင်း လူငယ်ကွန်ယက် ဥက္ကဌက ဆက်လက်ပြောဆိုထားသည်။

“ရိုက်နက်ထုထောင်းခံထားရတော့ ဒဏ်ရာအနည်းအကျဥ်းရထားပါတယ်၊ အရမ်းကြီးတော့ မပြင်းထန်ပါဘူး၊ လက်ရှိတော့ ဆေးကုသမှုတွေ ခံယူနေပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် အကြောင်းရင်းမရှိ တိကျသေချာမှုလည်း မရှိဘဲ သျှမ်းနီလူငယ် စိုင်းကျန်အောင် ကို သျှမ်းနီတပ်မတော် (SNA) နှင့် ဆက်စပ်ပတ်သက်ပြီး ရိုက်နှက်မေးမြန်းခြင်း ဖြစ်ကြောင်း လည်း နီးစပ်သူ တစ်ဦးက ပြောသည်။

“SNA ရဲ့ သတင်းပေးလား ၊ SNA နဲ့ ဘယ်လိုဆက်စပ်ပတ်သက်နေလဲဆိုပြီးတော့ ရိုက်စစ်တာတဲ့၊ လိမ်ပြောရင် ပိုနာမယ်ဆိုပြီးတော့ စစ်ဖိနပ်စီးထားတဲ့ ဖိနပ်နဲ့ပါကန်လို့အခု ဗိုက်အောင့်နေတယ်တဲ့၊ ဓားပြားနဲ့လည်း အရိုက်ခံ ထားရတယ်” ဟု အဆိုပါ နီးစပ်သူက ပြောသည်။

စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းသည် သျှမ်းနီတပ်မတော်နှင့် ပတ်သက်မှုမရှိပဲ သျှမ်းနီစာပေနှင့် ယဥ်ကျေးမှုမှ တာဝန်ခံအပြင် သျှမ်းနီလူငယ်ကွန်ယက် မှ ဒုတိယ ဥက္ကဌလည်း ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
ထိုရိုက်နက်မှုမတိုင်ခင် ဇွန်လ ၂၁ ရက်ကတည်းက လွှတ်ပေးလိုက်ကြောင်း NUG သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သော်လည်း လွတ်ပေးခြင်းမရှိသည့်အပြင် ယခုလို ရိုက်နှက်ခြင်းများ ရှိခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းကျန်အောင်ကို ပြန်လွတ်ပေးဖို့အတွက် သျှမ်းနီ အရပ်ဘက် အဖွဲ့အစည်း နှင့် သျှမ်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုခဲ့ကြပြီးနောက် ယခုလို ပြန်လည်လွတ်မြောက်လာကြောင်း လည်း သိရသည်။

Leave a Comments