သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ ပြည်သူ့စစ်လောင်းကစားရုံ များဖွင့်လှစ်သည့် နေရာ အနီးရှိ ဆင်ဖြူအိမ်ယာ ဝန်ထမ်းတန်းလျားများ အားလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (မေလ ၂၉)ရက် ည ၈ နာရီဝန်းကျင်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ပေ (၂၀၀) ကျော်ရှိသည့် ဝန်ထမ်းအိမ်ယာ အားလုံး မီးလောင်သွားခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။
“ ဘာကြောင့်မီးလောင်လဲတော့ ကျနော်တို့လည်း အသေးစိတ်မသိရသေးဘူး။ အဲနားက ဝန်ထမ်းအိမ်ယာ အားလုံး မီးလောင်သွားတာ။ ပေ (၂၀၀) လောက်ရှိမယ်ထင်တယ်။ သူက ၂ ထပ်အိမ်လို့ဖြစ်တာ။ အကုန်လောင်သွားတာပဲ။ ဘာမှ မရလိုက်ဘူးတဲ့” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်မှု ရှိ၊မရှိ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ထိုမီးလောင်မှု ဖြစ်ပွားသည့်နေရသည် ပြည်သူ့စစ်များထိန်းချုပ်သည့် နယ်မြေဖြစ်ပြီး လောင်းကစား၊KTVများဖွင့်လှစ်သည့် နေရာဖြစ်ကြောင်း သိရသည်။
“ အဲနေရာက ပြည်သူ့စစ်တွေက ထိန်းချုပ်ပြီး သွားလာတဲ့ နေရာဖြစ်တယ်။ ပြီးတော့ အဲမှာ လောင်းကစားတွေ၊ KTV တွေ အများကြီးရှိတဲ့နေရာဖြစ်တယ်။ အခုချိန်ထိတော့ လူထိခိုက်မှု ရှိ၊ မရှိတော့လည်း ကျနော်တို့ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။
ဆင်ဖြူအိမ်ယာမီးလောင်မှုသည် မူဆယ်မြို့၌ ယခုနှစ်အတွင်း ပထမဆုံး မီးလောင်မှု အကြီးကျယ်ဆုံးဖြစ်ကြောင်း သိရသည်။











Leave a Comments