စစ်ကောင်စီ၏ သွေးခွဲလက်နက်

“တစ်ရပ်ကွက်ကို လူ ၁၂ ယောက် တစ်ရွာကို လူ ၁၂ ယောက် ပေးရမယ်ဆိုပြီး အခု လူလိုက်စုနေတယ်” ဟု စစ်ကောင်စီတပ် လက်အောက်ခံ အဖြစ် ဖွဲ့စည်းမည့် ဓနုပြည်သူ့စစ် (သို့) Danu Army ဖွဲ့စည်းရန် လူစုဆောင်းနေကြောင်း ပင်းတယမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

Dang Army ဖွဲ့စည်းရန် လာရောက်စည်းရုံးနေစဥ်

သမိုင်းအစဉ် အဆက် စစ်ပွဲများ မရှိခဲ့သည့် သျှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံနှင့် ပင်းတယမြို့နယ် များတွင် စစ်အာဏာသိမ်းမှုနှင့် အတူ ဒေသ ကာကွယ်ရေးတပ်များ ပေါ်ပေါက်လာပြီး တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ ပြီးနောက် ဓနုပြည်သူ့စစ် ဖွဲ့စည်းရန် အာဏာသိမ်း စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ တစ်ရွာလျှင် လူငယ် ၁၂ ယောက် တောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။

ခေတ်အဆက်ဆက် ဖိနှိပ်မှုများနှင့် အကြောက်တရား အောက်တွင် ဘာသာရေး အခြေပြု ဝါဒဖြန့်ချီမှု များကြောင့် အတုအယောင် ငြိမ်းချမ်းသည်ဟု ဆိုရမည့် ဓနုဒေသသည် ယခုအခါ တော်လှန်ရေး လှုပ်ရှားမှု အားကောင်း လာသည်ဟု ဆိုရမည် ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ အတွင်းက ဖြစ်ပွားခဲ့သည့် ပဲရင်းတောင်ကျေးရွာ ဝင်ရောက် စီးနင်းမှုတွင် စစ်ကောင်စီတပ်က အပြစ်မဲ့ ပြည်သူ (၉) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုသည် ဓနုလူငယ်များအား နာကျည်း စေသည်ဟု ပဲရင်းတောင်ရွာနေ မစန်းကျိန် (အမည်လွှဲ) ကပြောသည်။

ဓနုဒေသပျူစောထီး အဖွဲ့ဖွဲ့ရန်

“အခု လူငယ်တွေက နာကျည်း ကုန်ပြီ၊ ရွာမှာလည်း ဘယ်သူ့မှ မရှိတော့ဘူး။ ရွာဦးကြီးကျောင်းမှာ စစ်သားတွေ နေတယ်။ နေ့တိုင်း ဟိုအိမ် ဖောက်လိုက် ဒီအိမ် ဖောက်လိုက်နဲ့ လိုချင်တာ ယူတယ်။ ရွာကို မီးရှို့မယ်လည်း ကြားနေတယ်” ဟု ၎င်းကပြောသည်။

ဒေသတွင်း စစ်ကောင်စီ သတင်းပေးများကို ရှင်းလင်းခြင်းနှင့် တိုက်ပွဲ အချို့တွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများ ရှိလာပြီးနောက် မြန်မာနိုင်ငံ အနှံ့အပြား စစ်မျက်နှာ အများအပြား ဖွင့်ထားရသည့် စစ်ကောင်စီသည် တော်လှန်ရေး အရှိန်မြင့်လာသည့် ဓနုဒေသကို ထိန်းချုပ်ရေး ကျေးရွာများကို လုံခြုံမှုပေးရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ဓနုပြည်သူ့စစ် ဖွဲ့စည်းရန် ကြိုးစားလာခြင်း ဖြစ်သည်။

“နည်းသစ်တော့ မဟုတ်ဘူး။ တိုင်းရင်းသား ဒေသတွေမှာ ပြည်သူ့စစ်ဆိုတာ ဖွဲ့ပေးပြီး လူမျိုးစု အချင်းချင်း ရန်တိုက်ပေးပြီး သွေးခွဲ အုပ်ချုပ်တဲ့ စနစ်။ ဓနုဒေသမှာ အရင် စစ်အစိုးရ ကတည်းက ဖွဲ့ဖို့ ကြိုးစားဖူးတယ်။ စစ် ဖြစ်တာ မရှိတော့ မလိုဘူး ဆိုပြီး ဆက်မလုပ်ခဲ့တာ ထင်တယ်” ဟု သျှမ်းနိုင်ငံရေး လေ့လာသူ တစ်ဦးက ဆိုသည်။

ယင်းသို့ စစ်ကောင်စီက ပြည်သူ့စစ် ဖွဲ့စည်းရန် စီစဉ်နေမှုကို ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (အိုးစည်ပါတီ) ဦးဆောင်သူ အချို့နှင့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တချို့က ယူနီဖောင်း၊ အသုံးအဆောင် ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးမည် ဖြစ်ပြီး စစ်သင်တန်း‌ပေး၍ လက်နက် တပ်ဆင်ပေးမည် ဖြစ်ကြောင်း ရွာငံမြို့နယ်မှ အုပ်ရေးမှူးတစ်ဦးက ပြောသည်။

ယင်းသို့ ဖွဲ့စည်းမှုကြောင့် ဒေသခံ လူငယ်များကြား သွေးကွဲမှုများ ဖြစ်ပေါ်ကာ လူမျိုးတူချင်း ပြန်လည် တိုက်ခိုက်ရသည့် ဖြစ်စဉ်များ ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

ထို့အပြင် စစ်တပ်က သျှမ်းပြည်နယ် အတွင်း ခေတ်စဉ်ဆက် ပြုလုပ်လေ့ ရှိသည့် နည်းလမ်း ဖြစ်သည့် ဒေသတွင်း နေထိုင်သည့် လူမျိုးစု အလိုက် ပြည်သူ့စစ်များ ဖွဲ့စည်းပေးကာ သွေးခွဲ အုပ်ချုပ်မှုကြောင့် ဒေသတွင်း နေထိုင်မှု ဘဝများ၊ အခြေအနေများ ရှုပ်ထွေး လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“ကာလသားထဲက ၁၂ ယောက်တောင်းတာ မဝင်ချင်တဲ့ လူငယ်တွေ ကတော့ ထွက်ပြေး နေကြရတယ်။ အစိမ်း အသိုင်းအဝိုင်းက လူတွေ၊ အရက်သမား၊ ဖဲသမားတွေ လူရာမဝင်တဲ့ ခိုးဆိုးနှိုက်တွေ ဆေးသမားတွေ ထဲက ဝင်ကြမယ့်လူတွေ ရှိနိုင်တာပေါ့။ တစ်ရွာလုံး တစ်ယောက်မှ မဝင်ဘူး ဆိုရင် စစ်တပ်က လာဖမ်းမှာလို့ ခြိမ်းခြောက်ခံနေရတဲ့ ရွာတွေလည်းရှိတယ်” ဟု ပင်းတယမြို့ခံက ပြောသည်။

ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် မရှိသော်လည်း ကျေးရွာ တချို့သို့ ပအိုဝ်း ပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ပြီး အဖွဲ့လိုက်‌ လာရောက်လေ့ရှိရာ ယင်းအဖွဲ့တွင်း၌ ဓနုဒေသတွင် တည်ရှိသည့် ပအိုဝ်းကျေးရွာများမှ ရွာခံများ ပါဝင်နေသဖြင့် လူမျိုးစု ပဋိပက္ခ ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

လက်ရှိတွင် ဒေသခံ အချို့ကို ပျူစောထီး အဖြစ် သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးကာ စစ်တပ်နှင့် အတူ ရှာ‌ဖွေ ဖမ်းဆီးမှုများ၊ ကျေးရွာများသို့ ဝင်ရောက် မွှေနှောက်မှုများ ပြုလုပ်နေသဖြင့် လူငယ်များစွာ ထွက်ပြေးနေရသည် ဖြစ်ရာ လက်နက်ကိုင် တော်လှန်ရေး အားကောင်းရန် မီးထိုးပေးသကဲ့သို့ ဖြစ်နေသည်ဟု ပင်းတယမြို့ခံက သုံးသပ်သည်။

“ရှောင်နေရတာကို စိတ်ကုန်လာတယ်။ ဘာပဲဖြစ်ဖြစ် ဓနုဒေသကို အစဉ်အဆက် စစ်တပ်က လူတွေပဲ အုပ်ချုပ်နေတာ။ ကျနော်တို့ ဒေသ လွတ်မြောက်ဖို့ စစ်မှန်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ ကျနော်တို့ လူငယ်တွေ တိုက်ပွဲ ဝင်ကြရမှာပဲ၊ ပစ္စည်း မပြည့်စုံသေး လို့သာ၊ လူငယ်တွေက အဆင်သင့်ပဲ” ဟု ဓနု လူငယ်တစ်ဦးက ဆိုသည်။

လက်ရှိ အခြေအနေအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေ ယိုယွင်းမှုများ ဖြစ်ပေါ်နေသည့် နည်းတူ ဓနုဒေသတွင်လည်း စိုက်ပျိုးရန် စက်သုံးဆီ၊ မြေသြဇာနှင့် ကုန်ဈေးနှုန်းများ အဆမတန် တက်နေပြီး ဈေးကွက် မရေရာမှုကြောင့် ယခု မိုးကာလ စိုက်ပျိုး ရာသီ အတွက် အခက် တွေ့နေရကြောင်း ပဲရင်းတောင်ကျေးရွာနေ အမျိုးသမီးက ပြောသည်။

“ဈေးတွေက အကုန်တက်နေတော့ အရောင်း အဝယ် မကောင်းဘူး။ စိုက်ပျိုးဖို့ ကလည်း ဈေးတွေ အကုန်တက်၊ ရွာလည်း ပြန်လို့ မရဆိုတော့ ဒီနှစ်တော့ တော်တော် အခြေအနေ ဆိုးမယ်။ စစ်ကောင်စီ ပြုတ်မှ အကုန် အေးချမ်းမယ် တိုးတက်မယ်၊ ကိုယ့်လူမျိုး ကိုယ့်ဒေသကို အုပ်ချုပ်ခွင့်ရမယ်၊ အဲ့လိုပဲ မျှော်လင့်တယ်” ဟု သူမ၏ မျော်လင့်ချက်ကို ပြောပြသည်။

လက်ရှိ ဓနုဒေသတွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ခန့် လှုပ်ရှားလျက် ရှိသော်လည်း လက်နက် ခဲယမ်း မပြည့်စုံမှုကြောင့် လူငယ် အများအပြား လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်နိုင်ခြင်း မရှိသေးကြောင်း လူငယ်တစ်ဦးက ဆိုသည်။
“အခု စစ်ကောင်စီက တက္ကသိုလ် ပြန်ဖွင့်တော့မှာ ဆိုတော့ အဖေအမေတို့က သွားတက်ခိုင်း နေပြီ။ သူငယ်ချင်း တချို့လည်း အဲ့လိုပဲ မတက်ချင် ပေမယ့် တက်ရတော့မယ်။ ဒါပေမယ့် ကျနော်တို့ ဒေသကို ကျနော်တို့ လွပ်လွပ်လပ်လပ် အုပ်ချုပ်ခွင့်ရဖို့ ကျနော်တို့ အဆင်သင့် ရှိနေမှာပါ” ဟု ၎င်းကဆိုသည်။

ခေတ်အဆက်ဆက် ဓနုဒေသကို စစ်တပ်ကသာ အုပ်ချုပ်ခဲ့ပြီး ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရနှင့် NLD လက်ထက်တွင် သာမက လက်ရှိ အထိ ဗိုလ်မှူးဟောင်း အာကာလင်း ဆိုသူ ဒေသဦးစီး ဥက္ကဋ္ဌ အဖြစ် အုပ်ချုပ်လျက်ရှိရာ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ အတွက် ချပေးခဲ့သည့် ရန်ပုံငွေများကို ကိုယ်ကျိုး အတွက် လဒ်စား သုံးစွဲသဖြင့် ၎င်းအနေဖြင့် သန်းပါင်းများစွာ ချမ်းသာနေပြီ ဖြစ်သာ်လည်း ဒေသ ဖွံ့ဖြိုးမှု မရှိကြောင်း ၎င်းက ထောက်ပြသည်။

“ခေတ်အဆက်ဆက် ငြိမ်းချမ်းခဲ့တယ် ဆိုတာ အကြောက်တရားနဲ့ ဖိနှိပ်ထားလို့ အသိပညာမဲ့ပြီး ငြိမ်းချမ်းနေတာ။ လူကြီးတွေ ကလည်း အကြောက်တရားကြီးပြီး ဘာသာရေးမှိုင်း မိနေတော့ စစ်တပ် အလိုကျပဲ နေချင်တယ်။ ကျမတို့ လူငယ်တွေ အနေနဲ့ ကတော့ လွပ်လပ်ချင်တယ်၊ သူများနိုင်ငံတွေလို ဖွံ့ဖြိုးချင်တယ်။ ဒီတစ်ကြိမ်မှ စစ်တပ်အောက်က မလွတ်မြောက်ရင် ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်တော့ဘူး။ တတ်စွမ်းသလောက် တော်လှန်သွားမယ်” ဟု ပဲရင်းတောင်ကျေးရွာနေ အမျိုးသမီးငယ်က ဆိုသည်။

“Danu Army ဆိုတာကို ဓနုပြည်သူတွေ မျှော်လင့်နေတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက လက်အောက်ခံတပ် ဖွဲ့တယ်ဆိုတာကို ဒေသခံတွေ မသိလိုက်မှာ စိုးရိမ်စရာ ကောင်းတယ်၊ ဒီဗျူဟာ အောင်မြင်သွားရင် ဓနု လူမျိုးအချင်းချင်း ပြန်တိုက်ရပြီး စစ်ကောင်စီက အလွယ်တကူ အနိုင်ရသွားမယ်” ဟု သျှမ်းပြည် နိုင်ငံရေးလေ့လာသူက ဆိုသည်။

သို့သော် သတင်း အချက်အလက်များ လွယ်ကူစွာ ရယူနိုင်သည့် ယနေ့ ကာလတွင် မျိုးဆက်သစ်များ၏ အသိအမြင် ကြွယ်ဝမှုနှင့် လွတ်မြောက်လိုစိတ်ကိုမူ စစ်ကောင်စီ ကျင်းသုံးနေသည့် နည်းဗျူဟာ ဟောင်းများက ဟန့်တားစွမ်း ရှိ မရှိဆိုသည်ကိုမူ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းကသုံးသပ်သည်။

မေလ ၃ ရက်တွင် ပြုလုပ်သော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ပြည်သူ့စစ်များကိုခေါ်ပြီး အစည်းအဝေးပြုလုပ်ရာ တက်ရောက်စဥ် ၎င်းတို့ကို ရှင်းလင်းရန်အခွင့်မသာ၍ မေ ၉ ရက်တွင် ရှင်းလင်းခြင်းဖြစ်ကြောင်းလည်း သိရသည်။

“အင်းလေးမှာ ဒလန်အရှင်းခံရတာများတော့ အင်းလေးက PDF သတင်းတွေကို စောင့်ကြည့်ပြီး ရပခ ကို သတင်းပို့ဖို့ ခေါ်ပြောတာ” ဟု မေ ၃ ရက် အစည်းအဝေးနှင့်ပတ်သက်၍ ဒေသခံတစ်ဦးကပြောသည်။အသတ်ခံရသူ နှစ်ဦးမှာ ပြည်သူ့စစ်ခေါင်းဆောင် နှင့် ဒလန်ဖြစ်ပြီး စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေကြသူများဖြစ်ကြောင်း ဒေသခံတစ်ဦးကလည်းပြောသည်။

အင်းလေးဒေသ နှင့် ဆက်စပ်နေသော ရွာငံဒေသတွင်လည်း စစ်ကောင်စီသတင်းပေး အကြီးစားဒလန်ဖြစ်သော ဦးတင်အို ဆိုသူကို ဓနုပြောက်ကျားတပ်ဖွဲ့ (DGF) က မေလ ၄ ရက်တွင် သုတ်သင်ရှင်းလင်းခံရသည်။

သျှမ်းပြည်တောင်ပိုင်းတွင် စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေးအရှိန်မြင့်လာနေပြီး စစ်ကောင်စီကလည်း အင်အားသုံး ဖိနှိပ်နေသည်။ သို့သော် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယခင်ထက်ပိုမို အားကောင်းလာပြီး ပိုမိုလှုပ်ရှားလာကြောင်း ဒေသခံများက မှတ်ချက်ပြုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

သျှမ်းတောင်တွင် မုန်ညှင်းထုပ်ဈေးကျဆင်း၊ လွှင့်ပစ်နေရခြင်းကြောင့် တောင်သူအရှုံးပေါ်

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယ၊ ရွာငံ၊ ဟဲဟိုးနှင့် အောင်ပန်းမြို့များတွင် ရာသီပေါ် မုန်ညှင်းထုပ်များ ဈေးအဆမတန် ကျဆင်းနေသောကြောင့် လွှင့်ပစ်နေရပြီး တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး သျှမ်းပြည်တောင်ပိုင်းတွင် ရာသီအလိုက် စိုက်ပျိုးထွက်ရှိသည့် မုန်ညှင်းထုပ် တစ်ပိဿာလျှင် ငွေကျပ် (၂၀၀) မှ (၃၀၀)...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...