သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ ဒေသခံ အမျိုးသား ၁၀ဉီး ကျော်ကို သြဂုတ် ၂ရက်တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး တိုက်ပွဲရှေ့တန်း စစ်ကြောင်းသို့ ပို့ဆောင်ခြင်းနှင့် တပ်စွဲထားသည့် နေရာသို့ ခေါ်ဆောင်သွားခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံ အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ အခုကစစ်တပ်က ရွာသားတွေကို ခေါ်ရင် တရွာနဲ့တရွာမတူဘူး။ ဟိုဘက်ရွာ ဒီဘက်ရွာခွဲခေါ်တာ။ ကျနော်သိရသလောက်က ၁၀ယောက်ရှိတယ်။ စစ်ကြောင်းရှေ့တန်းပို့တာ။ ရွာထဲတခါဝင်ရင်လည်း စစ်သား ၁၀၀ ကျော်ရှိတယ်” ဟု ၎င်း အမျိုးသားက ပြောသည်။
စစ်ကော်မရှင်တပ် ၏ စစ်ကြောင်းရှေ့တန်းသို့ခေါ်ဆောင်သွားသူများသည် လူသားဒိုင်းအဖြစ်အသုံးပြုနေပြီး၊ အချို့ ငွေကြေးရှိသူများ မလိုက်လိုလျှင် ငွေကြေး ဖြင့် ပြန်ရွေးခိုင်းပြီး လူစားထိုးအနေဖြင့် ဒေသခံအမျိုးသားများကို ထပ်မံဖမ်းဆီးမှုမျိုးလည်း ရှိကြောင်း သိရသည်။
ရွာငံမြို့နယ်အတွင်း စစ်ကောက်မရှင်တပ်က နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုးမှု အရပ်သားဖမ်းဆီးမှုကြောင့် ဒေသခံများလည်း ခြံမသွားရဲကြကြောင်း၊ နေ့စားမလိုက်ရဲကြကြောင်း ရွာငံ ဒေသခံအမျိုးသမီး တဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ခုတလောက စစ်ကြောင်း ခဏခဏ လာတယ်၊ ခြံတောင် မသွားရဲဘူး တောထဲမှာလည်း စစ်သားတွေ အများကြီးတွေ့ရတော့ တော်ကြာ ခေါ်ပြီး တစ်ခုခုလုပ်မှာလည်း စိုးရိမ်ရတယ်၊ လူတွေလည်း ခဏခဏ ဖမ်းခံနေတော့ အိမ်မှာနေရတာလည်း ကျီးလန့်စာ စားနေ့ရသလိုပဲ ၊ညတောင် ကောင်းကောင်းအိပ်မပျော်ဘူး။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာမှုကြောင်း စစ်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)ကြား စစ်ရေးတင်းမာနေကြပြီး တိုက်ပွဲများ ပြန်ပြင်းထန်လာမည်ကို စိုးရိမ်နေကြောင်း ဒေသခံများအနေဖြင့် အသွားအလာ ဆင်ခြေနေရကြောင်း၎င်းအမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သည် အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးခြင်း ဒေသခံများကို ဖမ်းဆီရိုက်နှက်ခြင်းများ မကြာခဏ လုပ်လာသည်။
ရွာငံမြို့နယ်အတွင် စစ်ကော်မရှင်တပ် ၊ စစ်ကော်မရှင်တပ် လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်၊ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLF နှင့် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) တို့ သွားလာလှုပ်ရှားကြကြောင်းသိရသည်။












Leave a Comments