တိုက်ပွဲကြား လူမျိုးရေး ပဋိပက္ခ မီးမတောက်လောင်စေချင်

တအာင်း(ပလောင်) မိသားစုလိုက် သတ်ဖြတ်ခံရပြီး ထိုထဲမှာ အသက် (၇)လ အရွယ် ကလေးငယ်တစ်ဦး ပါတဲ့အတွက် သျှမ်းပြည် တခုလုံးကို တုန်လှုပ်ခြောက်ချားသွားစေပါတယ်။

TNP မိုင်းနုမ်ဟန် မိသားစု နာရေး (photo by ရွှေဖီမြေ သတင်းဌာန)

သျှမ်းပြည်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း စစ်မီးတောက်လောင်မှုတွေ အရှိန်အဟုန် မြင့်တက်နေတဲ့ကြားက မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန် တို့ မိသားစု သတ်ဖြတ်ခံရမှုကြောင့် သျှမ်းနဲ့ ပလောင်(တအာင်း) လူမျိုးကြားမှာ ပဋိပက္ခ ဖြစ်လာမှာကိုလည်း လူထုတွေက ထိတ်လန့်စိုးရိမ်နေကြပါတယ်။

လူမျိုးစု ၂ စု ဟာ သျှမ်းတောင်တန်းပေါ် နှစ်ပေါင်းများစွာ အတူယှဥ်တွဲနေထိုင်ခဲ့ကြပြီး၊ ဆွေမျိုးတွေလို အချင်းချင်း ဖေးမ ကူညီ စောင့်ရှောက်လာခဲ့ကြပါတယ်။

သျှမ်းပြည် မြောက်ပိုင်းမှာလည်း ၂၀၁၅/၂၀၁၆ ဝန်းကျင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ပဋိပက္ခ စတင်ခဲ့တဲ့ အချိန်ကစပြီး အပြစ်မဲ့ ပြည်သူတွေများစွာ သတ်ဖြတ်ခံခဲ့ရပြီး လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံနေရတာဟာ ဒီနေ့ထိတိုင်ပါပဲ။

အရင်ကတော့ သျှမ်းမြောက်ပိုင်းမှာသာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား ပဋိပက္ခ ဖြစ်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ် အတွင်းကနေစပြီး သျှမ်းပြည် တောင်ပိုင်းသို့ ပဋိပက္ခ စစ်မီး ကူးစက်လာခဲ့ပါတယ်။

ဒါ့အပြင် သျှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဌ မိုင်းနုမ်ဟန် နဲ့ သူ့ရဲ့ အမျိုးသမီး၊ အသက် ၇ နှစ်အရွယ် သမီးလေးတစ်ဦး သတ်ဖြတ်ခံရမှုဟာ သျှမ်းပြည်တခုလုံး တုန်လှုပ် ချောက်ခြားစေခဲ့ပါတယ်။

မိုင်းနုမ်ဟန်တို့ မိသားစုတွေဟာ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းက မိုင်းကိုင်မြို့နယ် မတ်ချီနုတ်ကျေးရွာ ကနေအပြန် တုံလော နဲ့ ပန်လော့ ကျေးရွာကြားမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။

ပျောက်ဆုံးပြီး ၂ လနီးပါး အကြာ မတ်လ ၉ ရက်နေ့မှာ တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာအနီး ကျောက်လှိုင်ဂူတစ်ခုထဲမှာ ပုပ်ပွနေတဲ့ မိုင်းနုမ်ဟန်နဲ့ သူ့ရဲ့ မိသားစု ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ 

မိုင်းနုမ်ဟန် (၃၉)နှစ်ကို လက်နဲ့ လည်ပင်း ကြိုးတုပ်ထားပြီး ဇောက်ထိုး ပစ်ချခံထားရတဲ့ အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပြီး၊ သူ့ရဲ့ အမျိုးသမီးဖြစ်သူ လွေးအေးခ (၂၆)နှစ် ကိုတော့ ပက်လက်အနေအထားနဲ့ တွေ့ရှိခဲ့ပြီး (၇)လသားအရွယ် သမီးကိုတော့ မိခင်ဖြစ်သူ ကျောကုန်းပေါ် လွယ်ထားလျက် သေဆုံးနေကြောင်း တအာင်းလူမှုအဖွဲ့အစည်း ပြောပြချက်အရသိရပါတယ်။

အဲ့ဒီနေရာက သျှမ်းပြန်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)လှုပ်ရှားတဲ့နေရာ ဖြစ်ပြီး၊ RCSS/SSA ရဲ့လက်ချက်လို့လည်း စွပ်စွဲမှုတွေလည်းရှိခဲ့ပြီး၊ RCSS/SSA တွင် တာ၀န်ရှိကြောင်းလည်း တအာင်း(ပလောင်)  လူမှုအဖွဲ့အစည်းတွေက ပြောဆိုပါတယ်။

RCSS ဘက်က ထိုစွပ်စွဲချက်ကိုလက်မခံကြောင်း၊ ထိုကိစ္စဟာ RCSS အပေါ် တဘက်သတ် ၀ိုင်း၀န်းစွပ်စွဲ အပြစ်ဖို့ခြင်းနဲ့ နိုင်ငံရေးဂုဏ်သိက္ခာ ညှိုးနွမ်းသေးသိမ်အောင် ၀ိုင်း၀န်းထိုးနှက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မတ် ၂၃ ရက်စွဲနဲ့ RCSS က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ အရေးကိစ္စတွေနဲ့ လူမျိုးရေးပဋိပက္ခ ဖြစ်လာမှာကိုတော့ သျှမ်းလူငယ်နဲ့ တအာင်းလူငယ်တွေက အလွန်စိုးရိမ်နေကြပါတယ်။

“မိုင်းကိုင်မှာက သျှမ်းနဲ့ တအာင်းဟာ အရင်ကတည်းက အတူတူ နေထိုင်လာခဲ့တာ၊ နှစ်ပေါင်း မနည်းတော့ဘူး၊ ကျနော်တို့တွေ ခွဲခြားတာ မရှိခဲ့ဘူး၊ သျှမ်းဖြစ်ဖြစ် တအာင်းဖြစ်ဖြစ် အတူတူပဲ၊ အခုလိုဖြစ်သွားတာတော့ ကျနော် မိုင်းကိုင်သား တစ်ယောက်အနေနဲ့ အရမ်းကို စိတ်မကောင်းဘူး၊ သျှမ်းမို့လို့ တအာင်းမို့လို့ မဟုတ်ဘူး၊ ဘယ်သူပဲဖြစ်ဖြစ် ဒီလို ဖြစ်သွားခဲ့တာကတော့ တကယ် စိတ်မကောင်းဘူး” လို့ မိုင်းကိုင်ဒေသခံ စိုင်းမိန်း (အမည်လွဲ) က စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။  

အမှုမှန်ပေါ်ပေါက်ဖို့အတွက်၊ အမှန်တရားနဲ့ တရားမျှတမှု ရရှိစေဖို့အတွက် ကျူးလွန်သူတွေအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့နဲ့ ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO က အထွေထွေ အတွင်းရေးမှူး လွေးပိုးကမေဲးခြိုဝ်း က ပြောဆိုထားပါတယ်။ 

“ကျမတို့ အကုန်လုံး သျှမ်းပြည်မှာနေထိုင်တဲ့ တိုင်းရင်းသားတွေဖြစ်စေ၊ မြန်မာတနိုင်ငံလုံးမှာ နေထိုင်တဲ့သူတွေဖြစ်စေ ကျမတို့တွေက ဖက်ဒရယ် ဒီမိုကရေစီ ဆိုပြီး ကြွေးကျော်ခဲ့ကြတယ်၊ စနစ်ကောင်းတစ်ခုကို သွားဖို့ဆိုရင် အမှန်တရား ပေါ်ပေါက်ဖို့ အမှန်တရားသိဖို့ လိုအပ်တယ်၊ အဲ့ဒီ အမှန်တရားပေါ်မှာလည်း ကျူးလွန်ခဲ့တဲ့သူတွေက တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ဖြေရှင်းပေးစေချင်တယ်” လို့ ပြောပါတယ်။  

ပစ်မှု ကျူးလွန်တာကို ဖြေရှင်းပေးမှု မရှိရင် အမည်းစက်အဖြစ် ထင်ကျန်နေပြီး သျှမ်းပြည် ညီညွှတ်ရေးကို ထိခိုက်လာနိုင်တယ်လို့ တအာင်း ဥပဒေအထောက်အကူပြု အဖွဲ့ တာဝန်ခံ မိုင်းမျိုးအောင် ကလည်း အခုလို ပြောပြပါတယ်။ 

“ပြစ်မှုကျူးလွန်တာကို နားလည်လို့ ရပေမယ့် တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုရင် လူထုရဲ့ စိတ်ထဲမှာ ထင်ကျန်ပြီးတော့မှ အဲ့ဒီ ထင်ကျန်တဲ့ အမည်းစက်က ကျနော်တို့ရဲ့ နိုင်ငံရေး အနာဂတ်၊ သျှမ်းပြည် တည်ဆောက်ရေး၊ သျှမ်းပြည် ညီညွတ်ရေး ဆိုတာကို အများကြီး ထိခိုက်မှုတွေ ရှိလာနိုင်တယ်” လို့ ဆိုပါတယ်။  

သတ်ဖြတ်ခံရတဲ့ အထဲမှာ လသားအရွယ်သာရှိသေးတဲ့ ကလေးငယ် တစ်ဦးနဲ့ အမျိုးသမီး ပါဝင်နေပြီး ဒီကိစ္စဟာ အမျိုးသမီးနဲ့ ကလေးတွေရဲ့ ဘဝလုံခြုံရေးအတွက် ခြိမ်းခြောက်နေတဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (စွမ်း)မှလည်း မှတ်ချက်ပြုထားပါတယ်။ 

ဒါ့အပြင် လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ စစ်ဥပဒေဖြစ်တဲ့ ဂျီနီဗာ ကွန်းဗင်းရှင်းကို လိုက်နာကျင့်သုံးသင့်ပြီး ပစ်မှု ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ် ပေးသင့်တယ်လို့လည်း ဆိုပါတယ်။ 

“ပြည်သူအားလုံး ဘယ်သူမဆို အထူးသဖြင့် အမျိုးသမီးနဲ့ကလေးဖြစ်လို့၊ တိုင်းရင်းသူ/သား ဖြစ်လို့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ ဘယ်စစ်တပ်မှ ကျူးလွန်ခွင့်မရှိဘူး။ ကျူးလွန်ရင် ကျူးလွန်တဲ့သူကို ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးရမယ်။ ကျူးလွန်သူကို ကင်းလွတ်ခွင့် လုံးဝ ခံစားခွင့်မရသင့်ဘူး။ တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်” လို့ စွမ်းအသင်းမှ ပြောဆိုထားတာပါ။ 

စစ်ဥပဒေဖြစ်တဲ့ ဂျီနီဗာ ကွန်းဗင်းရှင်းကို ချိုးဖောက်ရင် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှ စစ်ရာဇဝတ်မှုနဲ့ တရားစွဲ စစ်ဆေးပြီး တရားစီရင်နိုင်ပါတယ်။ 

မြန်မာနိုင်ငံဟာ ဂျနီဗာ ကွန်းဗင်းရှင်းရဲ့ ကနဦး စာချုပ် (၄)ခုကို လိုက်နာမယ်လို့ ၁၉၉၂ ခုနှစ် နဝတ အစိုးရလက်ထက်မှာ ကတိပြုခဲ့ပြီး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

စတုတ္ထ ဂျနီဗာ သဘောတူ စာချုပ်ထဲမှာ တရားဥပဒေမဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း သို့မဟုတ် လူမဆန်စွာ ပြုမူခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ အရပ်သားလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း သို့မဟုတ် စစ်ပြုခြင်းမှာ တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း မရှိသူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းတွေ မပြုလုပ်ရ – စတဲ့ အချက်တွေကိုလည်း ဖော်ပြထားပါတယ်။ 

အရပ်သားတွေကို အခုလို တရားလက်လွှတ် ဖမ်းဆီး သတ်ဖြတ်ခြင်း ကျူးလွန်တဲ့ ဘယ်ပုဂ္ဂိုလ် အဖွဲ့အစည်းကို မဆို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ မိုင်းနုမ်ဟန် သေဆုံးမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှန်တရားနဲ့ တရားမျှတမှုကို အမြန်ဆုံး ရရှိဖို့ကိုလည်း မျှော်လင့်တယ်လို့ သျှမ်းပြည်တွင်း တရားခံမဲ့ လူသတ်မှုတွေအတွက် သျှမ်းအရပ်ဖက် အဖွဲ့အစည်းတွေက မတ်လ ၁၆ ရက်နေ့မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ 

သျှမ်းပြည်တွင်းမှာ မိုင်းနုမ်ဟန် မိသားစု အပါအဝင် လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလအတွင်း ပဋိပက္ခ ပြင်းထန်တဲ့ ဒေသတွေဖြစ်တဲ့ နမ့်ခမ်းမြို့ နမ့်ဖတ်ကာ – နမ့်ခမ်းလမ်းမှာ သျှမ်းလူငယ် (၆)ဦး ပျောက်ဆုံးသွားခဲ့ရပါတယ်။ 

အဲ့ဒီနောက် အမည်မသိ လက်နက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းက နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်အပါအဝင် အပြစ်မဲ့ အရပ်သားပေါင်း မြောက်များစွာအတွက် တရားမျှတမှုဟာ ဒီကနေ့အချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ 

သျှမ်းပြည်အတွင်းရှိ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို သာမာန် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်သတ်ဖြတ်ခြင်းတွေကို လုံးဝမပြုလုပ်ကြဖို့ သျှမ်းလူမှုအဖွဲ့အစည်းများ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။ 

သျှမ်းပြည် တိုင်းရင်းသားအဖွဲ့အစည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အကြား နားလည်မှု လွဲခြင်းဖြစ်စဉ်ကနေ အန္တရာယ် အလွန်ကြီးမားတဲ့ လူမျိုးရေးပဋိပက္ခအသွင်ဆောင်ခြင်းသို့ မရောက် ရောက်အောင် တွန်းပို့နေတယ်လို့ မြင်မိကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ဒီလို လက်နက်ကိုင် အဖွဲ့အစည်းတွေကြား လူမျိုးရေး ပြဿနာ မဖြစ်စေဖို့ ပိုမိုသတိထားသင့်တယ်လို့လည်း မိုင်းကိုင်ဒေသခံ သျှမ်းလူငယ်က သူ့အမြင်ကို ပြောပြပါတယ်။ 

“တချို့သူတွေ ဒီကိစ္စကို မူတည်ပြီးတော့ နောက်ကွယ်ကနေ သွေးထိုးနေမယ် ဆိုရင်တော့ ပြဿနာက ကြီးလာဖို့ပဲ ရှိမယ်၊ ကျနော့အမြင်ကတော့ မဖြစ်စေချင်ဘူး၊ မဖြစ်သင့်ဘူးပေါ့လေ၊ ခု ဖြစ်သွားတာက နိုင်ငံရေးကြောင့်လား ဘာကြောင့်လဲ ဆိုတာ သေခြာမသိသေးဘူး၊ အဲ့တော့ သျှမ်းဖြစ်ဖြစ်၊ တအာင်းဖြစ်ဖြစ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ခွဲခြားတာတွေ မဖြစ်စေချင်ဘူး” လို့ သျှမ်းလူငယ် ဖြစ်တဲ့ စိုင်းမိန်းက ပြောဆိုထားတာပါ။ 

သျှမ်းပြည်တွင်း နေထိုင်တဲ့သူ အချင်းချင်း အေးအေးချမ်းချမ်း နေထိုင်လိုကြောင်းနဲ့ ပဋိပက္ခတွေ မလိုလားပဲ ကြောက်ရွံ့မှုကင်းကင်းနဲ့ အတူတကွ နေထိုင်သွားလိုတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) အထွေထွေအတွင်းရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   

“ဟိုလူမျိုးကို ကြောက်ရမယ်၊ ဒီလူမျိုးကို ကြောက်ရမယ် ဆိုပြီး ကျမတို့ရဲ့ စိတ်ထဲမှာ မရှိချင်တော့ဘူး၊ အဲ့လို ဖြစ်ဖို့ အားလုံး ပူးပေါင်းပေးဖို့ ကျမ အနေနဲ့ တောင်းဆိုချင်တယ်ပေါ့နော်၊ ကျမတို့ ပြောနေတဲ့ အတူတကွ ယှဉ်တွဲနေထိုင်ရေး၊ ညီညီညွတ်ညွတ်နဲ့ နေထိုင်နိုင်ရေး ဒါတွေအားလုံးက ကျမတို့ ဝိုင်းဝန်းပါဝင်မှ ရရှိနိုင်မယ့် အရာတွေ ဖြစ်တယ်ပေါ့နော်” လို့ ဆိုပါတယ်။  

သျှမ်းပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်သူတွေဟာ ဓားစာခံအဖြစ် အသက်တွေ စတေးခဲ့ရတာဟာ မနည်းတော့ပါဘူး။

ဒါ့အပြင် သျှမ်းပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေ အားလုံး ဘဝလုံခြုံရေးရှိစေဖို့နဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးကို ရှေ့ရှုပြီး တိုင်းရင်းသားညီနှောင်များ ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ နည်းလမ်းကို ဦးစားပေးကြိုးစားဖို့ သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ရေးလှုပ်ရှားဆောင်ရွက်ရေး အသင်း(SWAN)မှ တိုက်တွန်းထားပါတယ်။ 

“သျှမ်းပြည်အတွင်း လက်နက်နဲ့ အာဏာပြပြီး ဒီလိုဆက်လုပ်သွားမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာဖို့၊ ပညာရေးတွေ မြင့်မားလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီအချက်တွေကို ဆွေးနွေးအဖြေရှာမှုမရှိရင်၊ ဦးဆောင်ပြီး ဖြေရှင်းပေးမယ့်သူမရှိရင် ကျနော်တို့လို ပြည်သူတွေရဲ့ လုံခြုံရေးဆိုတာလည်း မျှော်လင့်လို့ ရမှာမဟုတ်ဘူး” လို့ အသက် ၆၀ အရွယ် နိုင်ငံရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...