သျှမ်းပြည်မြောက်ပိုင်း ရှရှားတောင် အနီးတစ်ဝိုက်တွင် လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်တွင် ဘော်တွင်း နှင့် ရုရှားတောင် အနီးတစ်ဝိုက် တွင် ပစ်ခတ်သံများ ထွက်ပေါ်လာပြီး လက်နက်ကြီးပစ်ခတ်သံများပါ ကြားရကြောင်း နမ္မတူမြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မန်တုံသွားတဲ့ဘက်မှာ ရှိတဲ့ ရုရှားတောင်နဲ့ကပ်ရပ်နားက စစ်ကောင်စီစခန်းတစ်ခုရှိတယ်၊ အဲ့နားကနေ ပစ်ခတ်သံတွေ ထွက်လာတာ၊ ပြီးတော့ လက်နက်ကြီးအသံတွေ ကြားရတယ်၊ လက်နက်ကြီးအသံက ၃ လုံးလောက်ရှိမယ်၊ ကြည့်ရတာ မြို့ထဲက ၃၂၄ တပ်ကနေ လက်နက်ကြီးနဲ့ အဲ့နားက စခန်းကို ပစ်ကူ တာထင်တယ်၊ အခုတော့ အသံတွေ ငြိမ်သွားပြီ” ဟု နမ္မတူမြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယခု ညအချိန်တွင် ထွက်ပေါ်လာသည့် ပစ်ခတ်သံများကြောင့် အသံငြိမ်သွားသည့်တိုင်အောင်ဒေသခံ ပြည်သူများက ထိတ်လန့်ပြီး ယခုအချိန်ထိ မအိပ်ရဲကြသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ပစ်ခတ်မှုတွေက နာရီဝက်လောက်တော့ကြာမယ်၊ လက်နက်ကြီးတွေကြောင့် အိမ်တောင်တုန်သွား တယ်၊ ဘယ်အဖွဲ့ကလာပစ်လဲတော့မသိရသေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
အဆိုပါ ပစ်ခတ်မှုသည် ရုရှားတောင်နားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟုသာ သိရပြီး မည်သည့် အဖွဲ့အစည်း ဆိုတာတော့ အတည်ပြုချက် မရရှိသေးပါ။
နမ္မတူမြို့နယ်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည့် TNLA တပ်ဖွဲ့၊ SSPP/SSA တပ်ဖွဲ့ နှင့် KIA တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေကြောင်း သိရသည်။











Leave a Comments