လျှပ်စစ်မီး အားကိုးပြီး ရုန်းကန်နေရသူရဲ့ ဒုက္ခ 

“မီး မကြာခဏပျက်တော့ ကျမတို့ မုန့်လုပ်ငန်းကတော့ တော်တော်ကိုအဆင်မပြေတာ။ ညမှလာတော့ လူတွေလည်းအိပ်ရေးပျက်တာပေါ့။ ထုတ်ကုန်လည်းလျော့ကျ၊ ၀င်ငွေလည်းနည်းလာတယ်” လို့ မမို့မို့ တယောက် သက်ပြင်းချကာ ပြောလာပါတယ်။

လျှပ်စစ်မီး

မမို့မို့တို့မိသားစုဟာ မုန့်လုပ်ငန်းနဲ့အသက်မွေး၀မ်းကြောင်းပြုလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပေမယ့် အခုလို မီးပျက်ဒဏ်ဆိုးဆိုးရွားရွားကို မခံခဲ့ရပေ။

“မီးကပုံမှန်မလာတဲ့အခါကျတော့ မုန့်က လုပ်ရမလား မလုပ်ရဘူးလား ဆိုတာတွေ တွေးရတယ်၊ လုပ်လိုက်လို့ မီးကပျက်သွားရင်စက်ထဲရောက်သွားတဲ့မုန့်က အလကားဖြစ်ကုန်တယ်” လို့ မမို့မို့က လက်ရှိကြုံတွေ့နေရတာတွေကို ရင်ဖွင့်လာပါတယ်။

စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလမှာတော့ မြန်မာပြည်မှာ မီးပျက်တဲ့ ဒုက္ခက တရက်ထက် တရက် ဆိုးရွားလာပြီး လျှပ်စစ်မီးနဲ့ အသက်မွေး၀မ်းကျောင်းနေတဲ့ ပြည်သူတွေကတော့  အပူသောကတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“မီးက ဒီလိုပဲ ဆက်ပျက်နေမယ်ဆိုရင်တော့ ဒီမုန့်လုပ်ငန်းက ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး၊ အခုဆိုရင် မီးက ဘယ်ချိန်လာလို့လာမှန်းမသိ။ လူအိပ်ချိန်မှမီးလာ။ အလုပ်လုပ်နေရင်း တန်းလန်းနဲ့ မီးပြန်ပျက် တော်တော် ဆိုးတယ် ” လို့ မမို့မို့ က စိတ်ပျက်လက်ပျက်နဲ့ ပြောလာပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးမလာတဲ့အတွက် မီးစက်မောင်းပြီး အလုပ် လုပ်ရပြန်ပေမဲ့ စက်သုံးဆီစျေးနှုန်း၊ ကုန်စည်စျေးနှုန်းက မိုးထိမြင့်တက်နေတော့ လျှပ်စစ်မီးသုံးပြီးလုပ်ရတဲ့ မုန့်လုပ်ငန်းအတွက် စိန်ခေါ်မှု က ကြီးမားပြန်ပါတယ်။

“အဓိက က ဘာအခက်အခဲရှိလာလည်းဆိုတော့ ဆီဈေးနဲ့ ကုန်စည်ဈေးနှုန်းတွေ အရမ်းတက်လာတော့ အရမ်းကို ခက်ခဲသွားတယ်၊ မိသားစုအတွက်ရေရှည်မှာ ဘယ်လိုဆက်လုပ်ရမလဲဆိုတာတောင် ကျမလည်းမသိတော့ဘူး” လို့ မမို့မို့က စိတ်ပျက်အားငယ်တဲ့အသံနဲ့ပြောပါတယ်။

သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံမှာ လျှပ်စစ်မီးတွေက နေ့တိုင်း ၁၂ နာရီဝန်းကျင်လောက် ပြတ်တောက် နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လုပ်ငန်းတွေ ထိခိုက်နေသလို တပိုင်တနိုင်စီးပွားရေးလုပ်ငန်းရှင်တွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ 

မီးပျက်ချိန်ကြာပြီး ပုံမှန်မီးပျက်ချိန် ခန့်မှန်းလို့ မရတာကြောင့် လုပ်ငန်းခွင်မှာ ဆုံးရှုံးမှုတွေများလာသလို ဝင်ငွေ ပိုင်းလည်း ထိခိုက်လာတယ်လို့  တောင်ကြီးမြို့က အိမ်တွင်းမုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်တဲ့ မမို့မို့က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ မတ်လ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မယ်လို့ စစ်ကောင်စီ ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးနောက် ဒါဟာ အမှောင်ခေတ်ဆီကို ပြန်ရောက်စေတယ်လို့ ပြည်သူလူထုတွေက ဝေဖန်ပြောဆိုနေကြပါတယ်။ 

ဒါ့အပြင် ယခုလို လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်နေခြင်းဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုး အဖြစ် ၁၀စုနှစ် တစ်စုအတွင်း အဆိုးဝါးဆုံး အခြေအနေတစ်ရပ်ဖြစ်လာပါတယ်။

“ဒီလိုမျိုးလျှပ်စစ်မီးတွေ ပုံမှန်မရနိုင်တဲ့အပေါ်မှာ အာဏာပိုင်တွေက ဘာတာဝန်ယူမှုဘာတာဝန်ခံမှုမှ မရှိပေးတဲ့ အပေါ်မှာ တော်တော်လေးကို မကျေမနပ်ဖြစ်တယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်က ခေတ်ကို ပြန်ရောက်သွားသလိုပဲ” လို့ မမို့မို့က ပြောဆိုထားပါတယ်။ 

အလာတူ သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့မှာလည်း တစ်နေ့မှာ လျှပ်စစ်မီး ၆ နာရီလောက်သာ ရရှိနေတဲ့ အတွက် ဆန်ကြိတ်စက် လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ အဲ့ဒီလုပ်ငန်းကို အမှီပြုပြီး ဝမ်းစာရှာဖွေနေကြရတဲ့ အိမ်ထောင်စုတွေလည်း  လက်ရှိမှာ အခက်ကြုံနေပါတယ်။

လက်ရှိ စစ်အုပ်ချုပ်ရေးစနစ်ဟာ တစ်နေ့တစ်ခြား ဆိုးရွားလာပြီး ပြည်သူလူထုတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်၊ နေဝင်းခေတ်တို့လို အနေအထိုင်ဆင်းရဲစွာနဲ့ တဖြည်းဖြည်းဖြစ်လာမှာကို စိုးရွံ့မိတယ်လို့လည်း ပင်လုံမြို့က ဆန်စက်ပိုင်ရှင် အသက် ၆၀ ဝန်းကျင်ရှိ ဦးပ (နာမည်လွဲ)က ပြောပါတယ်။

“ဆန်ကြိတ်စက်တွေလည်း မီးကမလာတော့ အလုပ်မဖြစ်ဘူးပေါ့၊ ပျက်ချင်တဲ့ချိန်ပျက်ပြီး လာချင်တဲ့ချိန်မှ လာတယ်၊ အချိန်က ဘယ်တော့မှ မမှန်ဘူး၊ စစ်အုပ်ချုပ်တဲ့ခေတ်ဆိုတော့လည်း အရင်က သန်းရွှေခေတ်တို့ နေဝင်းခေတ်တို့လို တန်းစီပြီး ဆန်မဝယ်ရရုံတမယ်ပဲ၊ အဲ့လိုဖြစ်လာမှာကို ကြောက်နေရတယ်” လို့ ဦးပ က ပြောဆိုထားပါတယ်။ 

ဆန်ကြိတ်စက်ဆိုတာဟာ မီးရှိမှအလုပ်ဖြစ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် လျှပ်စစ်မီးအစား မီးစက် အသုံးပြု ပါက မီးစက်ထပ်ဝယ်ရန်၊ ဆီဖိုး ထပ်ကုန်ကျရန် နဲ့ ဆင်ထားတဲ့စက်အမျိုးအစား မတူတာတွေကြောင့် တွက်ချေ မကိုက်နိုင်ကြောင်းလည်း ဦးပက ပြောပါတယ်။ 

“မီးစပျက်တုန်းကဆိုရင် ဒီလောက်ထိကြာမယ်မထင်လို့ မီးလာတဲ့ ညပိုင်းအချိန်မှာ အလုပ်လုပ်တယ်၊ အဲ့လိုလုပ် လိုက်တော့ အလုပ်သမားတွေက ပင်ပန်းရတယ်။ ရာသီဥတုကအေးတာနဲ့ တချို့ဆို နေမကောင်းတဲ့အထိ ဖြစ်သွားတယ်၊ ဆန်ကြိတ်တာကအားသုံးရတယ်၊ အလုပ်သမားတွေမရှိဘဲ လုပ်လို့မရဘူး၊ မီးမရှိပဲနဲ့လည်းလုပ်လို့ မရဘူး၊ အခုတော့ နေ့ပိုင်းမီးလာရင်လုပ်တယ်၊ မလာရင်မလုပ်နိုင်ဘူးပေါ့၊ အဲ့လိုကြောင့် ဒီလုပ်ငန်းကို မှီခိုတဲ့ မိသားစုတွေအတွက်တော့ မလွယ်ကူဘူး” လို့ ဦးပ က ဆိုပါတယ်။

အခုဆိုရင် ဦးပ တို့ ဆန်စက်ဟာလည်း လုပ်ငန်းလည်ပတ်ရတဲ့အချိန်ထက် ရပ်နားထားတဲ့အချိန်က ပိုမိုများပြားနေတာကြောင့် အရင်လိုလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ချင်ကြောင်းနဲ့ လျှပ်စစ်မီးကို အချိန်မှန်မှန် အချိန်ပြည့် အသုံးပြုနိုင်ချင်ကြောင်း မျှော်လင့်ချက်ကြီးစွာနဲ့ ရင်ဖွင့်ပြောဆိုပါတယ်။

ယခုလို နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဖွံ့ဖြိုးတိုးတက်စ နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ဖြစ်ရတဲ့ လျှပ်စစ်မီးပုံမှန်မရတာ ဘဏ်ငွေပုံမှန်ထုတ်လို့ မရတာတွေက ပြည်သူတွေရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ ရေရှည်ရပ်တည်မှုအတွက်ပါ ခက်ခဲလာစေပါတယ်။ 

မီးစက်အသုံးပြုပြီး လျှပ်စစ်မီးမလာတဲ့ ပြဿနာကို ဖြေရှင်းကြတဲ့နေရာမှာလည်း စက်သုံးဆီစျေးတွေ ကြီးမြင့် နေတာကြောင့် အခက်အခဲတွေရှိနေပါတယ်။ 

လျှပ်စစ်မီးမရှိ အလင်းရောင်မရှိတဲ့ ညအချိန်တွေ ကြာရှည်လာလေ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု နဲ့ လုံခြုံရေးကလိုလည်း စိုးရိမ်လာရလေဖြစ်ကြောင်း လွိုင်လင်မြို့နယ်ထဲက သျှမ်းလူငယ် စိုင်းသီဟ (အမည်လွဲ) က ပြောဆိုထားပါတယ်။

“ဒီလိုသာ မီးဆက်ပျက်မယ် ဆီဈေးတွေထပ်တက်နေမယ်ဆိုရင် အဆိုးရွားဆုံးအကျိုးဆက်က ကျနော်တို့ လုံခြုံ ရေးကို စိုးရိမ်ရတယ်၊ အခုဒီစစ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးသမားတွေ ဘယ်လောက်ထိဆိုးလဲဆိုရင် လမ်းမကြီးဘေးမှာကို ဆေးချရဲတဲ့အထိ ဖြစ်နေတာ၊ ညညဆို ကောင်းကောင်းတောင်မအိပ်ရဘူး၊ မအိပ်ရဲဘူးပေါ့ နော်၊ ဘယ်ချိန်မှာ ဘယ်ဘိန်းစားသူခိုးတွေက ကျနော်တို့အိမ်ကို လာတက်မလဲ ဆိုတဲ့စိတ်ကြီးနဲ့ ကြောက်နေရ တယ်” လို့ စိုင်းသီဟ က ပြောဆိုထားပါတယ်။ 

နိုင်ငံကို မင်းလုပ် အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေကို ခေါင်းဆောင်ပီသစွာနဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေ ပြည်သူတွေရဲ့ အသံတွေကို မြင်အောင်ကြည့်ပေးပြီး အခက်အခဲပြဿနာတွေကို ဖြေရှင်းပေးရန် စိုင်းသီဟက ပြောပါတယ်။

“တိုင်းပြည်ကို ဘယ်သူပဲအုပ်ချုပ်နေပါစေ ပြည်သူတွေရဲ့ စားဝတ်နေရေးတွေ သွားလာဆက်သွယ်ရေးတွေ တိုးတက်လွယ်ကူလာမယ်ဆိုရင် ဘယ်အစိုးရပဲတက်တက် ပြည်သူက လက်ခံမှာပဲလေ၊ ဆိုတော့ အခုနိုင်ငံ့ အာဏာထိန်းချုပ်ထားသူကို ပြောချင်တာက အစိုးရ မလုပ်တတ်ရင်လည်း မလုပ်နဲ့တော့လို့၊ ပြည်သူတွေပဲ ခက်ခဲရတာ ဆိုတာပြောချင်ပါတယ်” လို့ စိုင်းသီဟ က ပြောပါတယ်။ 

လျှပ်စစ်မီးပြတ်တောက်မှုနဲ့ စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုတွေဟာ ရောင်းဝယ်ရေးနဲ့ အိမ်တွင်းလုပ်ငန်း လုပ်ကိုင်တဲ့ ပြည်သူတွေအတွက် သာမက တောင်သူလယ်သမားများအတွက်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ ပါတယ်။ 

ယခုနှစ်အတွင်း ဆန်ဈေးနှုန်းအနည်းငယ်မြင့်တက်လာမှုရှိပေမဲ့ တောင်သူလယ်သမားများအတွက် ဝမ်းမသာနိုင်ဘဲ  နောက်နှစ်အတွက် လုပ်ကိုင်ရမဲ့ လယ်ယာကုန်ကျစားရိတ်တွေကို တွက်ချက်ရင်း ရင်လေး နေရတယ်လို့ မောက်မယ်မြို့က လယ်သမားဖြစ်သူ လုံးနွံက သူ့ရဲ့ အခက်အခဲတွေကို အခုလို ပြောပြထားပါတယ်။ 

“ဆန်ဈေးတက်တာနဲ့အတူတူ သူ့ မျိုးစေ့ကလည်း ဈေးတက်လာမယ်။ မြေသြဇာတွေ၊ စိုက်ပျိုး ငှားရမ်းခတွေ လည်း တက်လာမှာပဲ၊ လယ်လုပ်တယ်ဆိုတာကလည်း အရင်ကလို ကျွဲနဲ့နွားနဲ့ မဟုတ်တော့ဘူး စက်တွေသုံးနေကြရတော့ စက်သုံးဆီဈေးလည်းတက်လာတယ်” လို့ လုံးနွံ က လက်ရှိ အနေအထားကို ပြောပါတယ်။

တောင်ကြီးမြို့လို မြို့တော်ကြီးအပါအဝင် သျှမ်းပြည်တွင်းက မြို့နယ်တွေမှာ လျှပ်စစ်မီးကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက အလှည့်ကျပေးစနစ် စတင်ခဲ့တာဖြစ်ပြီး အစပိုင်းမှာ မြို့နယ်အလိုက် မီးပျက်မဲ့ အချိန်တွေကို စစ်ကောင်စီက ကြိုတင်အသိပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသိပေးခြင်း မရှိတော့သလို မီးပျက်ချိန်နဲ့ အကြိမ်အရေအတွက်လည်း များသထက် ပိုမိုများပြားလာပါတယ်။ 

လျှပ်စစ်မီး အဓိကထားပြီး လုပ်ကိုင်နေရတဲ့ မုန့်ဖုတ်လုပ်ငန်း၊ ဆန်စက်လုပ်ငန်းတွေအပြင် အိမ်တွင်းနဲ့ တခြား လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေအတွက် လျှပ်စစ်မီးအစား မီးစက်နဲ့  Gas တွေ ရှိပေမယ့်လည်း စက်သုံးဆီ စျေးတွေ မြင့်တက်နေတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အခက်ကြုံနေကြရပါတယ်။

“ကျမတို့ လျှပ်စစ်မီး အသုံးပြုတဲ့သူတွေအတွက်တော့ နည်းလမ်းရှာရအုံးမယ်။ မိသားစုစား၀တ်နေရေးက ရှိသေးတယ်လေ။ ဘာဆက်လုပ်ရမယ်ဆိုတာတော့မသိသေးဘူး” လို့ မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်တဲ့ မမို့မို့က အားငယ်စွာနဲ့ ပြောလာပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...