သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့တွင် စစ်တပ်သတင်းပေးသူ၏ နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ရွာသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ယနေ့ (မတ်လ ၁၈)ရက် မနက် ၃ နာရီဝန်းကျင်တွင် ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ ပဲယင်းတောင် ရွာနေ စစ်တပ်သတင်းပေးဟု အမည်ထွက်သည့် ဦးစိုးမြင့်၏ နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရကြောင်း နန်းခုံကျေးရွာအုပ်စုမှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနက်အစောကြီး ဗုံးခွဲတိုက်ခိုက်ခံရတယ်၊ လူထိခိုက်မှုတော့ မရှိဘူး၊ အိမ်ကတော့ အနည်းငယ် ထိခိုက်ပြီး ပျက်စီးတာရှိတယ်၊ မနက် ၉ နာရီလောက်တော့ စစ်တပ်က ရွာထဲ ဝင်လာပြီး သူ(ဦးစိုးမြင့်) လိုက်ပြတဲ့ ရွာသား သုံးယောက်ကို စစ်ဆေးရမယ်ဆိုပြီးတော့ ဖမ်းခေါ်သွားတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။
ဦးမြင့်စိုးသည် ၎င်းနေအိမ် ဗုံးခွဲတိုက်ခိုက်ခံရသည့်အတွက် ပဲယင်းတောင်ကျေးရွာမှ အပြစ်မရှိသည့် ရွာသား ၃ ဦးကို သံသယမှုနှင့် ဖမ်းဆီးရန်အတွက် ရွာငံမြို့နယ်ထဲ လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ ကို သွားရောက်ခေါ်ဆောင် လမ်းပြခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ ဗုံးခွဲတာက ဘယ်အဖွဲ့လုပ်သွားမှန်းတော့ မသိရသေးဘူး၊ အခု ဖမ်းသွားတဲ့ ရွာသားတွေ ဘယ်သူဘယ်ဝါ ဆိုတာ လည်း သေချာမသိရသေးဘူး၊ တချို့လူငယ်တွေက ရွာထဲမှာနေနေရတာ မလုံခြုံတော့ နေရာပြောင်းနေကြပြီ ” ဟုလည်း နန်းခုံကျေးရွာမှ အမျိုးသမီးက ဆက်လက်ပြောပြသည်။
စစ်ကောင်စီတပ်သားတို့သည် ရွာငံမြို့နယ်အတွင်း PDF များလှုပ်ရှားနေသည်ဟု ထင်မြင်ယူဆသည့် နေရာများကို အင်အားဖြန့်ကျက်ထားခြင်း၊ ကင်းပုန်းချထားခြင်းနှင့် ဒလန်သတင်းပေးမှုကြောင့် ရွာသားများကိုလည်း သံသယမှုနှင့် ဖမ်းဆီးရိုက်နက် သတ်ဖြတ်မှုများ ပြုလုပ်နေသည်။











Leave a Comments