Thursday, June 20, 2024

မိုင်းယော်တိုက်နယ်ထဲ မိုင်းပေါက်ကွဲ ကလေးငယ်(၃)ဦး သေဆုံး၊ (၁၁)ဦး ဒဏ်ရာရ

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ ကျေးရွာတစ်ရွာတွင် မြေမြုပ်မိုင်းပေါက်ကွဲမှု ကြောင့် ရွာထဲ ကစားနေသည့် တစ်နှစ်အရွယ်ကလေးငယ် အပါအဝင် ကလေး (၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသည့်သူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

မတ်လ (၅)ရက်နေ့ မနက် (၈) နာရီခန့်က မိုင်းယော်တိုက်နယ် ပန်ထိုလိန်ကျေးရွာအုပ်စု ခိုခမ်းကျေးရွာတွင် ကလေးများ ရွာလယ်မှာ ဆော့ကစားနေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး (၁) နှစ်ကျော် ကလေးအပါအဝင် (၃)ဦး သေဆုံးသွားပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိုင်းယော်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းပေါက်ကွဲတာပဲ လေယာဉ်နဲ့ လာကြဲတာ မဟုတ်ဘူး။ ကလေးတွေ ရွာထဲ ဆော့နေချိန် ပေါက်ကွဲသွားတာ။ တစ်လုံးပဲပေါက်ကွဲသွားတယ်။ ဆုံးသွားတဲ့ (၃)ယောက်လုံးက ကလေးတွေပဲ” ဟု မိုင်းယော်ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၁) ဦးကိုတော့ လားရှိုးစစ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“ဒဏ်ရာ ရရှိတဲ့သူတွေလည်း ဒဏ်ရာ ပြင်းထန်ကြတယ်။ တချို့ ကလေးဆို လက်တွေ ပျက်စီးကုန်တာတွေ လည်းရှိတယ်” ဟု မိုင်းယော်ဒေသခံ အသက် (၄၀)ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသွားသူ (၃)ဦးမှာ စိုင်းအောင်လိန် အသက် (၁)နှစ်ကျော်၊ စိုင်းယုံးခမ်း (၆)နှစ်နှင့် နန်းဆိုင်အောင် (၈)နှစ်တို့ ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၇)ရက်နေ့တွင်လည်း မိုင်းယော်တိုက်နယ် ဝမ်လုံတတ်နှင့် ပန်နန်းကျေးရွာကြားတွင် စစ်ရှောင်များ နေရပ်သို့ ပြန်ချိန် မိုင်းနင်းမိပြီး အသက် (၅)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် သေဆုံးသူ (၃)ဦး နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၅)ဦး ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article