Friday, May 3, 2024

လွှတ်မြောက်နယ်မြေရောက် သတင်းထောက် (၂)ဦး နှင့် CDM ကျောင်းသူ ကို KGZ က ဖမ်းဆီး ရိုက်နှက်

Must read

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် လွှတ်မြောက်နယ်မြေ တစ်နေရာတွင် ရောက်ရှိနေသော သတင်းထောက် (၂)ဦး နှင့် CDM ကျောင်းသူတစ်ဦးတို့ကို KGZ (Karenni Generation – Z ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၌ စစ်ရှောင် အဖြစ် ခိုလှုံနေသည့် DVB အကြီးတန်းသတင်းထောက် ခွန်ဇော်ဦး၊ Myanmar Now အလွတ်တန်း သတင်းထောက် မမြတ်မိုးသူ နှင့် ၅၀၅(က)ကြောင့် တိမ်းရှောင်နေရသည့် ၁၀ တန်းကျောင်းသူ မပွင့်မြတ်ဗိုလ်တို့ကို အင်အား၂၀ ခန့် ရှိသည့် KGZ မှ လာရောက်ဖမ်းဆီးကာ ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

သတင်းထောက် (၂)ဦးသည် သျှမ်းပြည်မြောက်ပိုင်း အခြေစိုက် သတင်းထောက် ဖြစ်ခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးနောက် လွှတ်မြောက်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်နေကြသူများဖြစ်သည်။

ဖမ်းဆီးခံရသည့် သတင်းထောက် မမြတ်မိုးသူက ၎င်းတို့ကို KGZ အဖွဲ့ဝင်များမှ ဖမ်းဆီးပြီးနောက် မျက်နှာဖုံးစွပ်ကာ စခန်းသို့ခေါ်သွားပြီး ၁ နာရီကျော်ကြာ ထိတ်တုံးခတ်ကာ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောသည်။

“ကျနော်ရယ်(မမြတ်မိုးသူ)၊ ကိုခွန်ဇော်ဦးရယ်၊ ကျောင်းသူ ညီမလေးတစ်ယောက်ရယ်ကို စစ်ဆေးစရာရှိ တယ်ဆိုပြီးတော့ လာပြောတယ်၊ ဘယ်အဖွဲ့ကလဲလို့ မေးတော့ ဘာမှမမေးနဲ့တဲ့၊ ကျနော်တို့ရဲ့ ဖုန်းတွေကို သိမ်းတယ်၊ ပစ္စည်းတွေကို ဘာမှ ပေးမကိုင်တော့ဘူး။ ဥပဒေမဲ့လုပ်ရပ်ကိုလုပ်တယ်။ တကယ့်စစ်တပ်အတိုင်းပဲ” ဟု မမြတ်မိုးသူက ပြောသည်။

ရိုက်နှက်ခံရမှုကြောင့် စစ်ဆေးခံရသူ ၃ ဦးမှာ ဒဏ်ရာများ အသီးသီးရရှိကာ သတင်းထောက် ကိုခွန်ဇော်ဦးမှာ အညိုအမဲစွဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထိုသူ ၃ ဦးကို ည ၁၁ နာရီကျော်တွင် ဒီးမော့ဆို PDF က အာမခံကာ လာရောက် ခေါ်ထုတ်ပေးသည့်အတွက် ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။

ဖမ်းဆီးစစ်ဆေးခံရစဉ်တွင်လည်း ၎င်းတို့ စစ်ရှောင်များကို လှူဒါန်းရန် ငွေ နှင့် စာမူခ ရရှိထားသည့် ငွေ စုစုပေါင်း ငွေကြေး သိန်း ၅၀ ကျော်လည်း KGZ အဖွဲ့မှ ဖမ်းဆီးစစ်ဆေးပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း မမြတ်မိုးသူက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး KGZ က “ကျနော်တို့က သူတို့ဖုန်းရယ်၊ လပ်တော့ရယ်ပဲ သိမ်းတာပါ၊ ကျနော်တို့ ယူထားတာတွေ အကုန်လုံး သူတို့ကို ပြန်ပေးပါတယ်၊ ငွေကြေးကိစ္စမသိပါဘူး၊ ဖြစ်စဥ်ကို Record မယူထားမိတဲ့ ကျနော်တို့ အ တယ် ပြောရမလား၊ ဒီလိုဖြစ်မယ်မထင်ထားလို့ပါဗျာ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

KGZ မှ ယင်းကဲ့သို့ ဖမ်းဆီး ရိုက်နှက်စစ်ဆေးသည့်ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်းစဥ် သတင်းထောက်များသည် သတင်းထောက်ကျင့်ဝတ်ကို ထပ်တူကျအောင် ဖြေနိုင်ခြင်းမရှိသည့် အတွက် သံသယမှုနှင့် ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ကြောင်း KGZ က ဖြေကြားခဲ့သည်။

“ကျနော့်တို့ဆီက နယ်ခံတွေက သူတို့ကိုမြင်တော့ မျက်နှာစိမ်းအဖြစ် သံသယဝင်မိတာ၊ အဖွဲ့သားတွေနဲ့ သူတို့ငှားနေတဲ့အိမ်တွေကိုသွားတော့ စစ်ဆေးမေးမြန်းတာကို ချေချေငံငံပြန်ပြောတဲ့အပြင် သတင်းထောက် ဆိုပြီး ဘာအထောက်အထားမှလည်းမတွေ့ရဘူး၊ သတင်းထောက်ကျင့်ဝတ်ကို မေးတော့လည်းသူတို့ ဖြေတာ တစ်ယောက်နဲ့တစ်ယောက် ကိုက်ညီမှုမရှိဘူး” ဟု KGZ မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်လက်ပြီး ဖမ်းဆီးခံရသည့် သတင်းထောက် (၂)ဦး ကို ကဒ်ပြခိုင်းသော်လည်း မပြနိုင်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄)ဦး၏ ဖုန်းနံပတ်များရှိသည့်အတွက် ဖမ်းဆီးခြင်းဖြစ်ကြော်ငး KGZ က ပြောသည်။

“သူတို့ကို သတင်းထောက်ကဒ် ပြခိုင်းတာ မပြနိုင်ဘူး။ ပြီးတော့ သူတို့ဖုန်းနံပတ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ရဲ့ ဖုန်းနံပတ်တွေ တွေ့တယ်။ ပြီးတော့ ထောက်ခံခိုင်းသူကို ဖုန်းဆက်ခေါ်ခိုင်းတော့ ဖုန်းဆင်ကဒ်တွေ တစ်ခုပြီးတစ်ခု ပြောင်းဆက်ပြီးမှ နောက်ဆုံး DMO l PDF က လာထောက်ခံပြီး ထုတ်ပေးတာ” ဟု KGZ မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးစစ်ဆေးခံရသည့် သတင်းထောက် ၂ ဦးနှင့် ကျောင်းသူတစ်ဦးတို့ကို DMO PDF က အာမခံ ခေါ်ထုတ်ပေး ခြင်းနှင့် ပတ်သက်ပြီး DMO PDF ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းရာ ဖြစ်စဥ်အသေးစိတ်များ မသိရှိ ရသော်လည်း ယင်းကဲ့သို့ အကြောင်းမဲ့ အကြမ်းဖက်သည့် လုပ်ရပ်များကို ကန့်ကွက်ကြောင်း ပြောသည်။

“သူတို့ဖမ်းဆီးခံလိုက်ရတဲ့ ညမှာပဲ ကျနော်ကိုယ်တိုင် သူတို့ကို သွားခေါ်ထုတ်ခဲ့ပါတယ်၊ ပြည်သူနဲ့ ဆက်ဆံလို့ပဲ ဖြစ်ဖြစ် မသင်္ကာလို့ စစ်ဆေးမေးမြန်းချင်တာပဲဖြစ်ဖြစ် တော်လှန်ရေး အဖွဲ့ အစည်းမဟုတ်ရင်တောင် ကျနော် တို့မှာ ကျင့်ဝတ်သိက္ခာတော့ရှိရမှာပေါ့၊ ဖမ်းဆီးမယ် ရိုက်နှက်မယ် အကြမ်းဖက်မေးမြန်းတာတွေက ကျနော်တို့ PDF အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး၊ ပြီးတော့ သူတို့လုပ်ရပ်ကြောင့် တခြားတော်လှန်ရေးအဖွဲ့အစည်းတွေ အမည်းစက်ဖြစ်သွားမှာလည်း မလိုလားဘူး” ဟု DMO PDF မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းဖြစ်စဥ်များနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် တခြားသော တော်လှန်ရေးတပ်ဖွဲ့များကို နားလည်မှု မလွဲစေရန်နှင့် ခွဲခြားသုံးသပ်ပေးကြရန်လည်း DMO PDF တာဝန်ရှိသူက ပြောသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ KGZ ၏ လုပ်ရပ်များကို ကန့်ကွက်ရှံ့ချကြောင်း နှင့် အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတမှုရရှိရေးအတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ – KSP နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၏ သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ မနက်ပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။

Leave a Comments

- Advertisement -spot_img

Latest article