Thursday, May 2, 2024

မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အမျိုးသမီးတစ်ဦးထိမှန် ခြေထောက်ဖြတ်ရ

Must read

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိမှန်ခဲ့ပြီး ခြေထောက်ဖြတ်လိုက်ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တင့်ကားဖြင့် ပစ်ခတ်ခဲ့ရာမှ အမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက အခုလည်း ဖြစ်နေတယ်။ စစ်ကောင်စီဘက်က တင့်ကားနဲ့ မြို့ထဲသွားလာပြီးတော့ ပစ်နေတာ။ အဲ အမျိုးသမီးတစ်ဦးက စစ်ရှောင်နေတုန်း စစ်ကောင်စီက ပစ်ခတ်လိုက်တာ။ ခြေထောက်ထိသွားတယ်။ ခြေထောက် ဖြတ်လိုက်ရတယ်။ အခုတော့ ဆေးရုံကို ပို့ထားပေးလိုက်ပြီ” ဟု Mobye Rescue Team မှ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း၊ လက်ရှိမှာ စစ်ကောင်စီဘက်မှ လူအင်အားနှင့် လက်နက်အင်အားများ ဖြည့်တင်းနေပြီး မိုးဗြဲ PDF တပ်ဖွဲ့ဝင်များတွင်လည်း မဟာမိတ်များပေါင်းပြီး တိုက်ပွဲဖြစ်ပွားနေတာဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲကတော့ ဆက်ပြင်းထန်လာနိုင်တယ်။ စစ်ကောင်စီဘက်လည်း လူအင်အားတွေ၊ လက်နက်အင်အားတွေ ပိုဖြည့်လာတယ်။ ကျနော်တို့ဘက်ကလည်း မဟာမိတ်တွေနဲ့ စစ်အင်အားတွေ ပူးပေါင်းနေတယ်။ စစ်ကောင်စီကလည်း လက်နက်ကြီးတွေသုံးနေတယ်” ဟု မိုးဗြဲမြို့အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် PDF တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တချို့ဒေသခံများသည် မြို့တွင်း တိုက်ပွဲကြား ကျန်ရှိနေသူများလည်း ရှိကြောင်း သိရသည်။

“အခုတလော မိုးဗြဲမြို့တွင်းထဲမှာကော၊ မြို့ပြင်မှာကော တိုက်ပွဲပြင်းထန်နေတယ်။ နေအိမ်တွေ ပျက်စီးတာတွေ လည်းရှိတယ်။ ပြည်သူတွေ တချို့တော့ ထွက်ပြေးကြပြီ။ တချို့က မထွက်ပြေးနိုင်သေးဘူး။ မြို့ထဲက တိုက်ပွဲကြား ကျန်နေသေးတဲ့သူတွေလည်းရှိတယ်” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင် အမျိုးသားက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၆ မိုးဗြဲမြို့ စည်ကား (၁)ရပ်ကွက်တွင် စစ်ကောင်စီက မြို့တွင်းထဲထိ လက်နက်ကြီး ပတ်ခတ်ခဲ့တာကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article