Thursday, April 25, 2024

ရုန်းထခက်ခဲနေတဲ့ သျှမ်းရိုးရာလက်မှုသည်

Must read

ပြီးခဲ့တဲ့ နှစ်နှစ်ဝန်းကျင် ကမ္ဘာတဝှမ်းနည်းတူ မြန်မာနိုင်ငံလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါဒဏ်ကို အလူးအလိမ့်ခံနေရပြီး အနယ်နယ် အရပ်ရပ်က ပြည်သူတွေရဲ့ စီးပွားရေး ရုတ်တရက် ထိုးချခံခဲ့ရပြီး၊ ထိခိုက်ဆုံးရှုံးမှုတွေ များစွာ စတင်ရင်ဆိုင်ခဲ့ရပါတယ်။

အဲ့ဒီထဲမှာ ဘိုးဘွားတွေလက်ထက်ကတည်းက လုပ်ကိုင်လာတဲ့ ရိုးရာလက်မှုလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ လူမှုစီးပွားဘဝတွေဟာလည်း ထိခိုက်ယိမ်းယိုင်ခဲ့ရပါတယ်။

ကိုဗစ်ရောဂါကြောင့် အခက်ခဲမျိုးစုံ ကြုံတွေ့နေရတဲ့အပြင် စစ်ကောင်စီက နိုင်ငံတော်အာဏာ သိမ်းယူတာ၊ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတာတွေဟာ သူတို့တွေရဲ့ ဘဝရပ်တည်ရေး၊ စီးပွားရေးတွေကို အဓိက ထိုးနှက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းမှာဆိုရင် ရှေးယခင်ကတည်းက ရိုးရာလက်မှုလုပ်ငန်းမျိုးစုံကို လုပ်ကိုင်ခဲ့ကြတာပါ။

လက်မှုလုပ်ငန်းပေါင်းများစွာထဲမှာ မိုင်းကိုင်မြို့နယ်မှာ အထင်ကရအဖြစ် သမိုင်းတွင် တည်ရှိခဲ့တဲ့ လုပ်ငန်းတွေကတော့ မိုင်းကိုင်စက္ကူ (ခ) သျှမ်းစက္ကူ လုပ်ငန်း၊ မြေထည်လုပ်ငန်း နဲ့ ဓားမျိုးစုံ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။

ပျောက်ကွယ်လုနီး ရိုးရာ သျှမ်းစက္ကူ လုပ်ငန်း

သျှမ်းစက္ကူ ဟာ သျှမ်းလူမျိုးတွေ ရှေးယခင်ကတည်းက ဘာသာရေး၊ စာပေယဉ်ကျေးမှုတွေမှာ အဓိက အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

ခေတ်ကာလ ပြောင်းလဲလာတဲ့နောက် ဝယ်ယူအသုံးပြုတဲ့သူတွေ သိသိသာသာ လျော့နည်းလာခဲ့ပြီး လုပ်ကိုင်တဲ့သူတွေလည်း မရှိသလောက်ပင် ရှားပါးသွားခဲ့ပါပြီ။

“ဒီလုပ်ငန်းက မိသားစု စားဝတ်နေရေးအတွက် လုံလောက်တဲ့ လုပ်ငန်းလည်း မဟုတ်ဘူးလေ” လို့ မိုင်းကိုင် ဒေသခံ သက်ကြီးအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီသျှမ်းစက္ကူကို သျှမ်းစာဆိုတော်ကြီးတွေ စာပေရေးသားဖို့အတွက်လည်း အသုံးပြုခဲ့ကြသလို အခြား အိမ်တွင်း အလှဆင်တဲ့နေရာ၊ အလှူအတန်းလုပ်တဲ့နေရာတွေမှာလည်း အသုံးပြုလေ့ ရှိကြပါတယ်။

သျှမ်းစက္ကူကို သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာမှာ အများစု ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် မိုင်းကိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ် အချင်းချင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

“လက်နက်ကိုင်တပ်တွေ ရှိတဲ့ နေရာဆိုတော့ ပြည်သူတွေ မလွတ်လပ်ဘူး၊ ကြောက်နေရတယ်။ တုံလောရွာနဲ့ မိုင်းကိုင်မြို့ကို သွားလာဖို့တောင် အရင်ကလို မလွတ်လပ်တော့ဘူး၊ ထိတ်ထိတ်လန့်လန့်နဲ့ သွားနေကြရတာ” လို့ မိုင်းကိုင်ဒေသခံ စိုင်းခေးစင် က ဆိုပါတယ်။

သျှမ်းစက္ကူကို ဝယ်ယူအသုံးပြုတဲ့သူတွေ နည်းသွားတဲ့အပြင် ပုံမှန်လုပ်ကိုင်တဲ့သူတွေလည်း အလွန်နည်းပါးနေပါပြီ။ ဘာသာရေးပွဲလမ်းတွေမှာလည်း အသုံးပြုမှု အလွန်ကို နည်းပါးသွားပါပြီ။

ဒေသခံအများစုကိုယ်တိုင်က အသင့်လုပ်ပြီးသားတွေကိုသာ အသုံးပြုလာကြတဲ့အတွက် ရိုးရာလက်မှုလုပ်ငန်းဟာ တိမ်ကောပပျောက်လုနီးပါးဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခုက ဘာသာရေးမှာ အသုံးပြုတဲ့ဟာလည်း နည်းသွားပြီ၊ အသင့်လုပ်ပြီးသားတွေပဲ အသုံးပြုကြတော့တယ်၊ အလွယ်နည်းပဲ သုံးနေတော့တာ” လို့ မိုင်းကိုင်ဒေသခံ စိုင်းခေးစင် က ဆက်ပြောပါတယ်။

အခုလို တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ သျှမ်းစက္ကူ (ခ) မိုင်းကိုင်စက္ကူလုပ်ငန်းကို တတ်နိုင်သလောက် ဝိုင်းဝန်းကြိုးစားထိန်းသိမ်းသွားကြဖို့ လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ဝယ်ယူသူ နည်းပါးခြင်း၊ လုပ်ကိုင်သူ မရှိသလောက်နည်းပါးသွားခြင်းတွေအပြင် မျိုးဆက်သစ်တွေ လေ့လာသင်ယူမှုဟာလည်း မရှိသလောက်ပင် ဖြစ်နေပါပြီ။

သျှမ်းစက္ကူ (ခ) မိုင်းကိုင်စက္ကူ လုပ်ငန်းတစ်ခုသာ ပျောက်ကွယ်လုနီးပါး ကြုံနေရတာတော့ မဟုတ်ပါဘူး။ မိုင်းကိုင်ဒေသရဲ့ အထင်ကရ ရိုးရာလုပ်ငန်း တစ်ခုဖြစ်တဲ့ မြေအိုးလုပ်ငန်းဟာလည်း တိမ်ကောပျောက်ကွယ်တော့မယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။

မြေအိုးလုပ်ငန်း

တခေတ်တခါက မြေအိုးနဲ့ ပြုလုပ်ထားတဲ့ ပန်းကန်၊ ခွက်၊ အိုးတွေကို မြတ်နိုးသုံးစွဲကြပြီး၊ အခုခေတ်ကာလ မှာတော့ မြေအိုးအစား တခြားတရုတ်ထုတ်နဲ့ ထိုင်းထုတ် ပစ္စည်းတွေကို အစားထိုးအသုံးပြုလာကြပါတယ်။

ဒါ့ကြောင့် မြေအိုး ကို အဓိက အားကိုးပြုလုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မိုင်းကိုင် ပြည်သူတွေဟာ တရက်ထက် တရက် လျော့နည်းလာတဲ့အပြင် နိုင်ငံရေး၊ ကျန်းမာရေး အခြေအနေ အမျိုးမျိုးကြောင့် ရိုးရာ မြေထည်လုပ်သူတွေဟာ ခက်ခဲလာပြီး အလုပ်အကိုင် ပြောင်းလာကြတာတွေရှိပါတယ်။

“အခုဆို ဒီမြေအိုးမြေခွက် လုပ်တတ်တဲ့သူတွေ၊ သက်လတ်ပိုင်း အရွယ်ကနေ လူငယ်တွေအထိ အကုန်နီးပါးက ပြည်ပထွက်ကုန်ကြတယ်၊ ကျန်ခဲ့တာက သက်ကြီးပိုင်း အများစုပဲ” လို့ မိုင်းကိုင်ဒေသခံ နန်းဆွေက ပြောပြပါတယ်။

မိုင်းကိုင်မြို့ ဒေသထွက်ကုန်ဖြစ်တဲ့ မြေအိုး၊ မြေခွက်၊ မြေပန်းကန်၊ ပန်းအိုး၊ ငရုတ်ဆုံမှစပြီး အိမ်သုံးပရိဘောဂ၊ ကလေးကစားစရာ ကြက်ရုပ်၊ ငှက်ရုပ်၊ ကျွဲရုပ်၊ နွားရုပ်တွေကို သျှမ်းပြည် တစ်ဝန်းလုံး ကျေးလက်တောရွာတွေအထိ ဝယ်ယူအသုံးပြုလေ့ရှိကြပါတယ်။

လက်ရှိမှာတော့ မြေထည်လုပ်ငန်း လုပ်ကိုင်ကြတဲ့သူ အများစုဟာ ပြည်ပကို ထွက်ခွာသွားကြသလို ကိုဗစ်နဲ့ တိုက်ပွဲဒဏ်ကြောင့် ဒီလုပ်ငန်းကို ရှေ့ဆက် လုပ်ကိုင်နိုင်ဖို့ အခက်ခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာပါ။

မြေထည်လုပ်ငန်းလုပ်ကိုင်ရာမှာ အဓိက အသုံးပြုရတဲ့ ထင်းတွေ ရှားပါးလာတာ၊ တောတောင်ထဲ ထင်းသွားရှာဖွေဖို့ ကြောက်ရွံ့ထိတ်လန့်နေရတာတွေဟာလည်း ဒေသခံတွေရဲ့ မြေထည်လုပ်ငန်းကို ပိုပြီးခက်ခဲစေခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲတွေဖြစ်နေလို့ တောထဲ ထင်းသွားယူဖို့က မဖြစ်နိုင်ဘူး၊ မိုင်းတွေနဲ့ လက်နက်ကိုင် အန္တရာယ်တွေ ကြောက်လို့ပါ” လို့ နန်းဆွေက ညှီးထွားပြီး ပြောလာပါတယ်။

မြေထည်ပစ္စည်းတွေကို ပြုလုပ်ရာမှာ ထင်းမီးကို အသုံးပြုပြီး အပူပေးရပါတယ်။ မိုင်းကိုင်နယ် ဟိုနားကျေးရွာကနေ ပြုလုပ်တဲ့ မြေအိုး၊ မြေခွက်တွေဟာ ပြည်ပစျေးကွက်အထိ ထိုးဖောက်နိုင်ခဲ့ပြီး နိုင်ငံခြားသားတွေ အကြိုက်တွေ့ ဝယ်ယူအားပေးတဲ့အထိ ရောင်းခဲ့ရပါတယ်။

လက်ရှိမှာတော့ နယ်မြေတည်ငြိမ်အေးချမ်းခြင်းမရှိတဲ့အတွက်ကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ စျေးကွက်တွေဟာလည်း ဖရိုဖရဲ ဖြစ်သွားခဲ့ရပါတယ်။

“အရင်တုန်းက ကျမတို့ဆီကို မြေအိုးမြေခွက်တွေ လက်ကားလာဝယ်တဲ့ သူတွေနဲ့ ရွာထဲမှာ စည်ကားနေတတ်တယ်၊ အခုတော့ ဘယ်သူမှ မလာရဲသလို ကျမတို့လည်း ဘယ်ကိုမှ သွားရောင်းလို့ မရဘူး၊ အနီးနားမှာ နည်းနည်းပါးပါး သွားရောင်းရုံလောက်ပဲ၊ အခု အိမ်ဝန်းထဲမှာ လုပ်ထားပြီး မရောင်းရပဲ ပုံထားတဲ့ မြေအိုးမြေခွက်တွေ အများကြီး ရှိနေသေးတယ်” လို့ ဟိုနားကျေးရွာမှ မြေထည်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

မိုင်းကိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းဝန်းကျင်ကတည်းက စခဲ့တဲ့ တိုက်ပွဲဟာ ယခုနှစ် ဇန်နဝါရီလအထိ ထိတွေ့ပစ်ခတ်မှုက မကြာခဏ ဖြစ်ပွားနေပါသေးတယ်။

အဲဒီတိုက်ပွဲတွေကြောင့် မြေထည်ပစ္စည်းတွေ ပြုပ်လုပ်ဖို့ ထင်း ရှာဖွေရာမှာ မိုင်းအန္တရာယ်၊ လက်နက်ကိုင်တွေရဲ့ အန္တရာယ်ကို ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေရသလို သယ်ယူပို့ဆောင်ရေးခက်ခဲတဲ့အတွက် လုပ်ပြီးသား မြေထည်ပစ္စည်းတွေဟာ အိမ်ဝိုင်းထဲမှာသာ စုပုံထားရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မိုင်းကိုင် စက္ကူ နဲ့ မြေထည်ပစ္စည်းလုပ်ငန်းတွေအပြင် လက်နက်တစ်ခုအဖြစ် တည်ရှိနေတဲ့ မိုင်းကိုင်နယ်ရဲ့ နာမည်ကျော် ရိုးရာ ဓားလုပ်ငန်းဟာလည်း ကျော်ကြားမှု သိသိသာသာလျော့နည်းသွားခဲ့ရတယ်လို့ ‌ဒေသခံတွေက ဆိုပါတယ်။

ဟမ်းငိုင်းဓား

“ဒီနေ့ ဓားလုပ်ငန်းလုပ်ကိုင်နေသူတွေက အရင်ခေတ်လောက် အရည်အသွေးမကောင်းတော့တာတော့ အမှန်ပါပဲ၊ ဒါက သံကြောင့်ဖြစ်သလို နည်းပညာကြောင့်လည်းပါတယ်၊ မူလလက်ဟောင်းလို အရည်အသွေးပြည့်မှီတဲ့ ဟမ်းငိုင်းဓားက ရှားသွားပြီ” လို့ မိုင်းကိုင်ဒေသခံ သက်ကြီးအမျိုးသားတစ်ဦးက ပြောလာပါတယ်။

ဟမ်းငိုင်း ဆိုရင် ဓား ၊ ဓားဆိုရင် ဟမ်းငိုင်း လို့ နာမည်ကျော်ကြားတဲ့အထိ အရည်အသွေးပိုင်း ကောင်းမွန်ခဲ့တဲ့ ဟမ်းငိုင်းဓားဟာ လက်ရှိမှာတော့ အရည်အသွေးပိုင်း သိသိသာသာကို ကျဆင်းသွားခဲ့တယ်လို့ ဆိုကြပါတယ်။

ဓားတစ်လက်ရဖို့ ယခင်က ကားလေးသံ ကိုသာ အဓိကထားပြီး အချိန်ယူ ထု၊ မီးဖုတ်၊ ကနုတ်ပုံဖော် ဖန်တီးခဲ့ကြပေမယ့် ခေတ်ကာလ ပြောင်းလဲလာတဲ့နောက် သံအရည်အသွေး ကျဆင်းသွားခဲ့တဲ့အတွက် ကြိုက်နှစ်သက်သူ အလွန်လျော့နည်းသွားခဲ့ရတယ်လို့ အထက်ပါ သက်ကြီးအမျိုးသားက ဆက်ပြောပါတယ်။

“ခုက ဟမ်းငိုင်းဓားဆိုပြီး နာမည် အလွဲသုံးပြီး ရောင်းဝယ်တာတွေလည်း ရှိလာတယ်၊ ပြီးတော့ ဓားဆိုတာလည်း လက်နက်ထဲက တစ်မျိုးဖြစ်နေလို့ အာဏာရှင်တွေက ဟိုလိုလို ဒီလိုလို အသံထွက်လာရင်လည်း တချို့က ကြောက်ကြတယ်၊ ဆက်မလုပ်ရဲတော့ဘူး” လို့ မိုင်းကိုင်ဒေသခံ လုံးအောင်သိန်းက ပြောပါတယ်။

အခုလို မိုင်းကိုင်ဒေသက နာမည်ကျော် ရိုးရာလက်မှုလုပ်ငန်းတွေ ပျောက်ကွယ်လုနီးပါး ကြုံတွေ့နေရတဲ့အပေါ် ‌ဒေသခံတွေအနေနဲ့လည်း စိုးရိမ်မှုတွေဖြစ်နေကြရတယ်လို့ ဆိုကြပါတယ်။

“စိုးရိမ်ရတာပေါ့၊ ဒီလက်မှုပစ္စည်းတွေကို ထုတ်လုပ်သူရော အသုံးပြုသူပါ တဖြည်းဖြည်းနဲ့ နည်းလာတော့ ဒီလက်မှုလုပ်ငန်းတွေလည်း အရောင်မှိန်လာပြီ” လို့ လုံး‌အောင်သိန်းက ဆိုပါတယ်။

လက်ရှိမှာ ရိုးရာလက်မှုလုပ်ငန်းတွေ ရေရှည်ဆက်လက်ရပ်တည်နိုင်ဖို့ နဲ့ ကိုယ့်ပြည်တွင်းဖြစ် ကိုယ့်ရိုးရာနဲ့ ကိုယ့်ဒေသထွက် ပစ္စည်းတွေကို ဝယ်ယူ အားပေး သုံးစွဲမှု ပြုလုပ်ကြဖို့ လိုအပ်ကြောင်းလည်း ဒေသခံတချို့က တိုက်တွန်းမှုတွေ ပြုလုပ်ထားကြပါတယ်။

“ရိုးရာအတတ်ပညာကို တတ်နိုင်သမျှ မူလပုံစံ မူလအရည်အသွေး မပျောက်ပျက်အောင် ထိန်းသိမ်းပြီး ဆက်လက်လုပ်ကိုင်ကြပါ၊ ရိုးရာလုပ်ငန်းကို ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု မိုင်းကိုင်ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ဆိုပါတယ်။

ရိုးရာယဉ်ကျေးမှု ပျောက်ကွယ်သွားပါက လူမျိုးတခုရဲ့ ယဉ်ကျေးမှု ပျောက်ကွယ်သွားနိုင်တယ် ဆိုတဲ့ စကားအရ လက်ရှိမှာလည်း ဘိုးဘွားတွေ အမွေလက်ဆင့်ကမ်းတဲ့ မိုင်းကိုင် သျှမ်းစက္ကူလုပ်ငန်း၊ မြေအိုးလုပ်ငန်းနဲ့ ဟမ်းငိုင်း ဓားလုပ်ငန်းတွေ ပျောက်ကွယ်သွားမှာကို သျှမ်းလူထုတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

မိုင်းကိုင်နယ်ရဲ့ နာမည်ကျော် သျှမ်းစက္ကူလုပ်ငန်း၊ မြေအိုးလုပ်ငန်းနဲ့ ဟမ်းငိုင်း ဓားလုပ်ငန်းတွေဟာ ကိုဗစ်နဲ့ စစ်ဒဏ်ကြောင့် ရောင်းဝယ်ဖောက်ကားမှု ရပ်တန့်လုနီးပါး ကြုံတွေ့နေရတဲ့အပြင် လက်ဆင့်ကမ်းသင်ယူကြမယ့် လူငယ်မျိုးဆက်သစ်တွေ မရှိသလောက် ရှားပါးသွားတာကလည်း ဒီလုပ်ငန်းတွေ ရပ်တည်နိုင်ဖို့ ပိုမိုခက်ခဲလာ စေပါတော့တယ်။

ရိုးရာလက်မှုလုပ်ငန်းတွေကြောင့် မြို့ဂုဏ်လည်း တက်ခဲ့ရပြီး နာမည် ထင်ရှားကျော်ကြားခဲ့ရတဲ့အတွက် အခုလို ရိုးရာလုပ်ငန်း ပျောက်ကွယ်သွားမှာကိုတော့ မဖြစ်စေချင်ဘူးလို့ မိုင်းကိုင်ဒေသခံ စိုင်းခေးစင်က မှတ်ချက် ပြုလိုက်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article