Friday, May 3, 2024

ပင်းတယမြို့မှ ဒလန်ဟု နာမည်ထွက်နေသော ဆိုင်းဆရာ သေနတ်ဖြင့် ပစ်သတ်ခံရ

Must read

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် စစ်တပ် သတင်းပေးသူဟု နာမည်ကြီးနေသော ဆိုင်းဆရာ တစ်ဦး ဆိုင်းတီးနေစဉ် သေနတ်လေးချက် အပစ်ခံရပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၀)ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် ပင်းတယမြို့နယ် အုံအက်ကျေးရွာမှ သာစည်မြို့နယ် သဲဖွတ်ရွာ ရှင်ပြုပွဲသို့ ဆိုင်းတီးရန် သွားရောက်သည့် ဆိုင်းဆရာ ဦးစိန်ကျော်၀င်း သေနတ် ၄ ချက် ပစ်ခံရကြောင်း သတင်းသိရသည်။

“ရှင်ပြုပွဲမှာ ဆိုင်းတီးနေရင်းနဲ့ သေနတ်ပစ်ခံရတာပါ၊ သူ့ဗိုက်ကို ၃ ချက်၊ ပေါင်ကို ၁ ချက် သေနတ်ကျည်ဆံဝင်သွား တယ်၊ လူလည်းရှုပ်နေချိန်ဆိုတော့ ဘယ်သူက လာပစ်သွားမှန်းမသိရဘူး၊ သေနတ်သံလည်း သိပ်မကျယ်ဘူး၊ တစ်ခုခုနဲ့ အုပ်ပြီး ပစ်လိုက်တာ ထင်တယ်” ဟု ဖြစ်စဥ်များကို သိရှိရသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်ခံရသူသည် ပင်းတယမြို့နယ် အုံအက်ကျေးရွာတွင်နေထိုင်သည့် ဆိုင်းဆရာ ဦးစိန်ကျော်ဝင်းဖြစ်ပြီး အသက် ၆၀ ဝန်းကျင်ခန့်ရှိကြောင်း ပင်းတယမြို့မှ ဒေသခံတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက စစ်တပ်ကို ထောက်ခံသူပေါ့၊ စစ်တပ်ထောက်ခံပွဲတွေကိုလည်း ဦးဆောင်ပြီးလုပ်တယ်၊ သူ့သတင်း ပေးချက်ကြောင့် အပစ်မဲ့ရွာသားတွေ လူငယ်တွေ ဖမ်းဆီးခံရတာ မနည်းတော့ဘူး၊ အောင်ပန်းက ကုတင် ၇၀၀ ကို ပို့ပြီး အဲ့မှာဆုံးသွားတယ်” ဟု ပင်းတယမြို့မှ ဒေသခံတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခင်းဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ပစ်ခတ်ခံရသူ ဦးကျော်စိန်ဝင်းကို ပင်းတယဆေးရုံမှ တဆင့် အောင်ပန်းမြို့ရှိ စစ်တပ်ဆေးရုံ (ကုတင် ၇၀၀) ဆေးရုံသို့ ပို့ဆောင်ကုသစဥ် သေဆုံးသွားကြောင်း သိရသည်။

“မနေ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်း ဒလန်တစ်ယောက် (ဦးကျော်စိန်ဝင်း) ပစ်သတ်ခံရတယ်၊ ညပိုင်းရောက်တော့ အုံအက်ကျေးရွာမှာ ရွာသားသုံးဦးကို စစ်ကောင်စီက လာဖမ်းသွားတယ်၊ အကြောင်းမဲ့ သက်သက်ပဲ၊ ဘယ်ကိုဖမ်းသွားလဲတောင်မသိရဘူး” ဟု ပင်းတယမှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပင်းတယမြို့တွင် စစ်တပ်အခြေစိုက်လှုပ်ရှားမှုများမရှိခဲ့သော်လည်း စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီး နောက်ပိုင်း အာဏာရှင် ဆန့်ကျင်တော်လှန်သူများကို စစ်တပ်သတင်းပေးနှင့် ဒလန်များ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရသူ များပြားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပေါ်ထွက်လာတာ တွေ့ရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၀)ရက်တွင်လည်း ပင်းတယမြို့မှ မြို့ပြပျောက်ကြားအဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Leave a Comments

- Advertisement -spot_img

Latest article