Sunday, May 5, 2024

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူတစ်ဦးနှင့် နေအိမ် ကျည်ထိမှန်

Must read

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ယမန်နေ့ (ဖေဖော်ဝါရီ ၁ )ရက်တွင် စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူတစ်ဦးနှင့် နေအိမ် (၃)လုံး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် အတွင်းရှိ ဗျူဟာတပ်က လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ရပ်ကွက် (၁)ရှိ နေအိမ် (၃)လုံး ပျက်စီးသွားပြီး လူတစ်ဦး လက်နက်ထိမှန်ခဲ့ကြောင်း သိရသည်။

“ KIA ဘက်တော့ ဒီတိုင်းပဲ ပစ်တာ။ စစ်ကောင်စီဘက်ကတော့ ရမ်းသမ်းပစ်ခတ်တာလေ။ ရပ်ကွက် (၁)ထဲကနေ အိမ် (၃) လုံး ပျက်စီးသွားတယ်။ ပြီးတော့ လူတစ်ဦးလည်း လက်နက်ထိမှန်သွားတယ်။ လက်နက်ထိသွားတဲ့ သူရဲ့ ကျန်းမာရေး အခြေနေတော့ သေချာမသိရသေးဘူး” ဟု ကွတ်ခိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်အာဏာသိမ်း တစ်နှစ်ပြည့်သည့်နေ့တွင်လည်း ကွတ်ခိုင်မြို့နယ် နှင့် သိန္နီမြို့ကြားအတွင်း စစ်ကောင်စီကားအများအပြား ရောက်ရှိနေပြီး ဆိုင်ခန်းများလည်း ဖွင့်လှစ်ထားရကြောင်း သိရသည်။

“မနေ့ကတော့ စစ်ကောင်စီကားတွေ သိန္နီမြို့ဘက်ကနေ ကွတ်ခိုင်လမ်းမကြီးဘက် အများကြီးဆင်းလာတယ်လေ။ အဲနားတစ်ဝိုက်ရှိတဲ့ ဆိုင်တွေလည်း မပိတ်ရဘူး။ အကုန်လုံးဖွင့်ထားရတယ်” ဟု အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်တွင် ကွတ်ခိုင်မြို့နယ် တိုးဂိတ်အနီး လက်နက်ကြီးသံများ ကြားနေရပြီး စစ်ကောင်စီ ခြိမ်းခြောက်မှုကြောင့်လည်း ပြည်သူများ ဆိုင်ခန်းဖွင့်ထားရကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ယခုရက်ပိုင်းတွင် စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article