Friday, April 19, 2024

ပင်းတယမြို့နယ် CDM ရဲနှင့် ဖခင်အပါအဝင် ပြည်သူ (၁၂)ဦး ဖမ်းဆီးခံရ

Must read

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ပန်စစ်ကျေးရွာတွင် CDM ရဲနှင့် ဖခင်အပါအဝင် သတင်းပေးနောက်ကျသူ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ စုစုပေါင်း (၁၂)ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

“ရဲတပ်သားတစ်ယောက်က CDM လုပ်ပြီး ရွာထဲက သူ့အဖေဆီ လာရှောင်တိမ်းနေတာ ကြာနေပါပြီ၊ ဒါပေမဲ့ ရွာလူကြီးက သိတာနောက်ကျတော့ ရွာထဲမှာ CDM လုပ်ထားတဲ့ရဲ ရှိနေတာကို သတင်းပေး နောက်ကျလို့ ဆိုပြီး အုပ်ချုပ်ရေးမှူးရော နောက်ထပ် ရွာသား ၉ ယောက်ကိုပါ ဖမ်းသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖခင်နှင့်အတူ ဖမ်းဆီးခံထားရသည့် CDM ရဲတပ်သားသည် ဖြိုးဝင်း အမည်ရှိပြီး ပြီးခဲ့သည့် လေးလပိုင်းကတည်းက CDM လုပ်ကာ တိမ်းရှောင်ခဲ့ပြီးနောက် အိမ်သို့ ခေတ္တပြန်ရောက်လာစဥ်တွင် ဒလန်သတင်းပေးမှုဖြင့် ဖမ်းဆီးခံရ ကြောင်း ဒေသခံများက ပြောသည်။

“သူ့အဖေကိုတော့ CDM သမားကို လက်ခံထားလို့ဖမ်းသွားတယ်တဲ့၊ ရွာလူကြီးကိုတော့ CDM သမားတွေ ရွာထဲရှိ နေတာ သတင်းပေးနောက်ကျလို့ဆိုပြီး ဖမ်းသွားတယ်၊ တခြားရွာသားတွေကိုတော့ ဘာကြောင့်ဖမ်းသွားလဲ ဆိုတာ မသိရဘူး၊ စုစုပေါင်းက (၁၂) ယောက်ပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

CDM ရဲသား နှင့်အတူ ဖမ်းဆီးခံရသည့် ဖခင်ဖြစ်သူသည် အသက် ၇၀ ခန့်ရှိ သက်ကြီးရွယ်အိုတစ်ယောက် ဖြစ်ကြောင်းလည်း သတင်းသိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ညအချိန်တွင် ပင်းတယမြို့မှ ပန်စစ်ကျေးရွာအပြင် ဈေးတန်းရပ်ကွက်နှင့် ကံသာရွာဘက်တွင်လည်း ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article