ပင်လောင်းမြို့ စစ်ရှောင်များအတွက် အကူအညီများ လိုအပ်နေ

0

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများ ထပ်မံ လိုအပ်နေကြောင်း သတင်းသိရသည်။

ပင်လောင်းမြို့နယ် နောင်တရားသို့ ရောက်လာသည့် စစ်ဘေးရှောင်ပြည်များအတွက် ကျန်းမာရေး ဆေးဝါးများ၊ ကုသစောင့်ရှောက်မှုများ၊ ရေ၊ မီး နှင့် အစားအသောက်များအတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း သတင်းသိရသည်။

“ဆောင်းတွင်းဆိုတော့ လှုံဖို့ ထင်းမီးတွေ၊ အဝတ်အထည်တွေ လိုအပ်ပါတယ်၊ ပြီးတော့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေပေါ့၊ ရာသီဥတုက အရမ်းအေးတော့ တချို့က နှာစေး၊ ဖျားနာတာတွေရှိပါတယ်” ဟု ပင်လောင်းမြို့မှ စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိလာသော စစ်ရှောင်ဦးရေများသည် ခန့်မှန်းထားသည်ထက် များပြားနေသည့်အတွက် နေရာများ တိုးချဲ့ပြင်ဆင်ထားရကြောင်းလည်း သတင်းသိရသည်။

နောင်တရားရောက် စစ်ရှောင်

“အစမှာ ကျနော်တို့က လူ ၅၀၀ လောက်အတွက် စီစဥ်ထားပါတယ်၊ ဒါပေမဲ့ ရောက်လာတဲ့ ဦးရေ ဒီထက် များလာတော့ ကျနော်တို့ နေရာထပ်တိုးပြီး စီစဥ်ထားတာလည်း ရှိပါတယ်၊ ဒီမြို့ပေါ်မှာရှိတဲ့ ဘော်ဒါဆောင်တွေ အဆောက်အအုံတွေမှာ ပြင်ပေးထားပါတယ်”ဟု ပင်လောင်းမြို့မှ စစ်ရှောင်များကို ကူညီပေးနေသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိနေသော ကရင်နီစစ်ရှောင်များသည် စုစုပေါင်း (၁၀၀၀) ဝန်းကျင်ခန့် ရှိနေပြီး တချို့နေရာများတွင် အနွေးထည်နှင့် စောင် လုံလုံလောက်လောက်မရှိသည့်အတွက် အနွေးဓာတ်ရရန် ထင်းမီးလှုံနေရကြောင်းလည်း သိရသည်။

Leave a Comments