နမ့်ခမ်းမြို့နယ် စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး လှမ်းပစ်နေသည့်အသံ ကြားနေရ

0

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အနီး စစ်ကောင်စီ၏ စခန်းသစ်လက်မှ လက်နက်ကြီး လှမ်းပစ်သည့်အသံ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီ (၁၂)ရက် နေ့လည် (၁)နာရီခွဲ ဝန်းကျင်က စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်နေသည်ကို ကြားရကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။

“စခန်းသစ်ကနေပြီး ပစ်သွားတာ ကြားရတယ်။ နမ့်ခမ်းကနေတော့ အသံသိပ်မကြားရဘူး။ နမ့်ခမ်းမြို့အရှေ့ဘက် (စယ်ဟိုင်း) ဘက်တွေမှာတော့ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားနေရတယ်လို့ ပြောတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မူဆယ် – နမ့်ခမ်းကြားမှ တောင်ကြောများ၊ နမ့်ခမ်း – နမ့်ဖတ်ကာ ကြားက တောင်ကြောများကို ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောဆိုကြသည်။

“အဲ့ဒီတောင်ကြောတွေက (TNLA) တပ်တွေရှိတယ်။ အဲ့ကို ပစ်သွားတာလား မသိဘူး။ ဒီနေ့က သူတို့ (TNLA) ရဲ့ (၅၉) နှစ်မြောက် တော်လှန်ရေးနေ့လည်း ဖြစ်တယ်လို့ ကြားတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၅)ရက်နေ့က နမ့်ခမ်းမြို့အနီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ (၄)ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

Leave a Comments