တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး

“ဒီဖြစ်ရပ်တွေက ဘယ်တော့မှ မေ့လို့မရတဲ့ ဖြစ်ရပ်ပါ၊ တွေးမိတိုင်း အရမ်းဝမ်းနည်းတယ်၊ ငိုမိတယ်၊ ဒီလိုအကြောင်းတွေကို ပြန်ပြီးပြောပြဖို့က ကျမအတွက် အရမ်းကိုခက်ခဲတယ်ရှင့်” လို့ ရှိုက်ငိုသံနဲ့ အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။

တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး

တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား မြေစာပင် ဖြစ်ခဲ့ရတဲ့ နမ့်မန်း ဒေသခံ အမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်သံဖြစ်ပါတယ်။

နမ့်မန်းကျေးရွာဟာ ကျောက်မဲမြို့ကနေ ၁၃ မိုင်ခန့်ဝေးတဲ့ ကျောက်မဲ – မိုင်းငေါ့ လမ်းမကြီးပေါ်မှာ တည်ရှိတာပါ။ ၂၀၁၈ ဝန်းကျင်က အိမ်ခြေ (၄၀)ဝန်းကျင်သာရှိပြီး လူဦးရေ (၂၀၀)နီးပါး ရှိခဲ့ပါတယ်။

အများစုက တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြတာပါ။ လမ်းမကြီးဘေးကပ်လျက် ကျေးရွာဖြစ်တဲ့အတွက် တချို့က စားသောက်ဆိုင်တွေ ဖွင့်ပြီး စီးပွားရှာကြပါတယ်။

၂၀၂၁ ခုနှစ် မတ်လအတွင်းမှာတော့ ဆိုင်ရောင်းသူတချို့ဟာ ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီ ဖြစ်ရပ်ကတော့ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခံရတာပါပဲ။ အဲ့ဒီနေ့ မတိုင်ခင်က အဖြစ်အပျက်တွေကို ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ နန်းဆွေက ပြန်ပြောပြပါတယ်။

တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး

“အဲ့နေ့ မတိုင်ခင်က ဆိုင်သွားဖွင့်တော့ ဆိုင်ထဲကို ဝင်မွှေခံထားရတယ်၊ အစားအသောက်တွေလည်း ယူစားထားတယ်၊ မကုန်တဲ့ အစားအသောက်တွေကို ဖွထားတာ ဆိုင်ထဲဆို ရှုပ်ပွနေတာပဲ၊ တခြားပစ္စည်းတွေလည်း ဖွထားတာ” လို့ နန်းဆွေ က ပြောပြပါတယ်။

မတ်လ ၁၄ ရက်နေ့ ည ၉ နာရီဝန်ကျင်အချိန်မှာ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ဆိုင်ခန်း ၄ ဆိုင် မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။

အဲ့ဒီနေ့ မနက်ပိုင်းက ကျေးရွာအနီးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ RCSS နဲ့ TNLA တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်တွေအပါအဝင် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

နမ့်မန်း ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် အကြိမ်ကြိမ်အခါခါ စစ်ရှောင်ထွက်ပြေးခဲ့ရပြီး ဒုက္ခမျိုးစုံ ကြုံခဲ့ရပါတယ်။

တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး

အဲဒီ တိုက်ပွဲတွေအတွင်း ဒေသခံနေအိမ် လက်နက်ထိမှန်ပျက်စီးတာတွေ ရှိခဲ့သလို ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။

အဆိုးရွားဆုံးကတော့ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဆိုင်ရှင် ဆိုင်စောင့် မရှိတဲ့ ညအချိန် စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတာပါပဲ။

“ကျမလည်း အဲ့နားမှာပဲ အော်ငိုလိုက်တော့တာ၊ ဆိုင်တစ်ခုလုံး ဘာမှ မကျန်တော့ဘူး၊ တိုင်တောင် မကျန်တော့ဘူး၊ ကျမတို့ ဆိုင် နေရာမှာ အားလုံး ပြာပုံတွေ ဖြစ်သွားပြီ၊ ဘယ်လိုမှ မအောင့်နိုင်တော့လို့ ကျမ အကြာကြီး ထိုင်ငိုနေခဲ့တယ်” လို့ နန်းဆွေက ဝမ်းနည်းစွာနဲ့ ဆိုပါတယ်။

သူမ ဟာ အဆိုပါ ကျေးရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက နန့်မန်းဒေသမှာ နေထိုင်ကြီးပြင်းခဲ့တဲ့သူ ဖြစ်ပြီး မိသားစုနဲ့ အတူ စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပါတယ်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ထွက်ပြေးခဲ့ရတဲ့ ဒေသခံတစ်ဦးကလည်း ခုလိုပဲ ရင်ဖွင့်ပါတယ်။

“ကျနော်တို့က ၂၀၁၈ ကစပြီး စစ်ရှောင်ထွက်ပြေးရတယ်၊ အဲ့တုန်းက အားလုံး ၁၀၀ ကျော်ရှိတယ်၊ မြို့ပေါ်က ကျောင်းယွက်(ရွှေကျင်ကျောင်း)မှာ လာနေရတာ၊ တိုက်ပွဲက ညသန်းခေါင်အချိန် ဖြစ်တာ၊ အဲ့ချိန်ကို ထပြီး ပြေးရတာ၊ လက်နက်သံတွေဆို အကျယ်ကြီးပဲ” လို့ စစ်ရှောင်ထွက်ပြေးခဲ့ရသူ နမ့်မန်းဒေသခံ စိုင်းမိန်းက ပြောပြပါတယ်။

တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး

၂၀၁၈ ခုနှစ် နိုဝင်ဘာ လလယ်ပိုင်း ဖြစ်ပွားတဲ့တိုက်ပွဲက စပြီး ဒေသခံတွေဟာ မကြာခဏဆိုသလို စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲဖြစ်ပွားမှုက တဖန် ပြင်းထန်လာခဲ့ပြန်ပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် စိုင်းမိန်းတို့ မိသားစုအပါအဝင် အခြားဒေသခံ တချို့ဟာ နမ့်မန်းရွာနဲ့ ၂ မိုင်ဝေးတဲ့ ကျောက်မဲ – မိုင်းငေါ့ လမ်းမကြီးဘေးမှာ ယာယီတဲထိုးပြီး စစ်ရှောင်ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။ အခြားမြို့နယ်နဲ့ ပြည်ပကို ထွက်ခွာသွားတဲ့ ဒေသခံတွေလည်း ရှိခဲ့သလို ‌တောင်ယာတဲတွေမှာ သွားပြီး နေရတဲ့ သူတွေလည်း ရှိခဲ့တယ်လို့ စိုင်းမိန်းက ပြောပြပါတယ်။

အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒဏ်ကြောင့် နမ့်မန်းကျေးရွာဒေသခံတွေဟာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။

“အရင်ကတော့ မျှစ်ချိုးတယ်၊ အသီးအရွက်တွေ ခူးပြီးရောင်းတယ်၊ တောင်ယာလုပ်တယ်၊ စားသောက်ဆိုင်တွေအတွက် ထင်းရှာပြီး ရောင်းတဲ့သူလည်း ရှိတယ်၊ တချို့က ငှက်ပျောဖက်တွေ ခုတ်ပြီး ရောင်းတယ်၊ စစ်ရှောင်ရတော့ ဘာအလုပ်အကိုင်မှ အဆင်မပြေတော့ဘူး၊ နေ့တိုင်းစားသောက်ရဖို့ မလွယ်ဘူး၊ အရမ်းကို ရုန်းကန်ရတယ်” လို့ စိုင်းမိန်းက ပြောပြပါတယ်။

တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး

နမ့်မန်းရွာနဲ့ ၂ မိုင်ဝေးတဲ့ ကားလမ်းမဘေးမှာ ပြောင်းရွေ့နေထိုင်ခဲ့တာ တစ်လဝန်းကျင်အကြာမှာပဲ နေရာထပ်မံ ပြောင်းနေဖို့ ဖိအားပေးခံခဲ့ရပြန်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ သွားလာလှုပ်ရှားတဲ့ နေရာဖြစ်ပြီး တိုက်ပွဲဖြစ်လာရင် အန္တရာယ်ရှိနိုင်တဲ့အတွက် အဆိုပါဒေသခံတွေဟာ ကျောက်မဲမြို့ပေါ်ကိုသာ ပြောင်းရွေ့ခဲ့ရပါတော့တယ်။

“မြို့မှာ လာနေဖို့က ထင်သလောက် မလွယ်ဘူး၊ အိမ်ငှားနေရတာ၊ အလုပ်အကိုင်က မရှိ၊ နေ့တိုင်းစားသောက်ဖို့က လိုသေးတယ်၊ ကိုဗစ်ကိုလည်း ကြောက်ရ၊ ဒီလိုပဲ ရုန်းကန်ပြီး နေနေရတာ” လို့ စစ်ဘေးရှောင်နေရတဲ့ သက်ကြီး အမျိုးသမီးတစ်ဦးကလည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ အဆိုပါ နမ့်မန်းကျေးရွာဒေသခံတွေဟာ ကျောက်မဲမြို့ပေါ်မှာသာ အိမ်ငှားဘဝနဲ့ ခက်ခက်ခဲခဲ နေထိုင်နေရပါတယ်။ ယခင်က လူဦးရေ ၂၀၀ နီးပါးရှိခဲ့ပေမယ့် လက်ရှိမှာတော့ အိမ်ထောင်စု ၂၀ ဝန်းကျင်နဲ့ လူဦးရေက ၁၀၀ ပင် မပြည့်တော့ပေ။

တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီး စစ်ရှောင်ထွက်ပြေးရတဲ့ နောက်ပိုင်းမှာ တိုင်းရင်းသားအချင်းချင်း လူမျိုးရေး ခွဲခြားမှုက သိသိသာသာဖြစ်လာခဲ့တယ်လို့ ဆိုပြန်ပါတယ်။

“လက်နက်ကိုင်တပ်တွေ အင်အားတောင့်လာတော့ သူ့နယ်မြေ၊ ငါ့နယ်မြေ ဆိုပြီး ခွဲလာတော့တာ။ နယ်မြေကျူးကျော်တာတွေလည်း မလုပ်ရဲတော့ဘူး၊ အရင်က အတူသွား အတူလာတဲ့ မိတ်ဆွေတွေ၊ အသိတွေက ခု မြင်ရင်တောင် နှုတ်မဆက်ရဲတော့တဲ့ အနေအထားဖြစ်သွားပြီ” ဟု စိုင်းမိန်းက ပြောပြပါတယ်။

အခုလို သျှမ်းနဲ့ ပလောင် (တအာင်း) တိုင်းရင်းသား အချင်းချင်း ခွဲခြားမှုတွေက ယခင်ကတည်းက ရှိခဲ့ဖူးပေမယ့် ၂၀၁၈ ခုနှစ် တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းမှာ ပိုပြီး ခွဲခြားဆက်ဆံလာကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး

ဒေသခံတွေ နမ့်မန်းကျေးရွာကို စွန့်ခွာလာခဲ့ရတာ ၁ နှစ်ဝန်းကျင် ရှိခဲ့ပါပြီ။ တချို့ကတော့ ပြည်ပမှာ သွားရောက်အလုပ် လုပ်ကိုင်နေကြပါတယ်။ နမ့်မန်း ကျေးရွာထဲမှာတော့ လူသူကင်းမဲ့နေပြီး ယိုင်နဲ့နဲ့ အိမ်တချို့သာ ကျန်ပါတော့တယ်။ ခုလို ရွာပျက်ကြီးဖြစ်သွားရတဲ့အတွက် အတိုင်းမသိကို ဝမ်းနည်းရတယ်လို့ နန်းဆွေက ရင်ဖွင့်ပါတယ်။

ဒါ့အပြင် နေရပ်ကို ပြန်နေချင်တဲ့ ဆန္ဒ ရှိနေပေမယ့် မမျှော်လင့်ရဲတဲ့ အကြောင်းအရာသာ ဖြစ်တယ်လို့ သူမ က ဆိုထားပါတယ်။


“ပြန်နေချင်တဲ့ ဆန္ဒက ရှိတော့ပေါ့၊ ငယ်ကတည်းက နေခဲ့တဲ့ နေရာလေ၊ ဒါပေမယ့် မမျှော်လင့်ရဲတော့ပါဘူး၊ တိုက်ပွဲတွေ ထပ်ဖြစ်မှာ အရမ်းကြောက်တယ်၊ နောက် ဘာတွေဆက်ဖြစ်မှာလဲ ဆိုတာ မပြောနိုင်ဘူး” လို့ နန်းဆွေက တီးတိုးပြောပြထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...