Thursday, May 30, 2024

တာချီလိတ် လော့ဒေါင်း ပြန်ဖွင့်ပေး

Must read

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် Stay at home နှင့် လော့ဒေါင်းများ အားလုံးကို ပြန်လည်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တာချီလိတ်မြို့ Stay at home ကို ပယ်ဖျက်ပေးလိုက်ပြီး ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်တွင် မြို့ဝင်မြို့ထွက် ကိုဗစ် ၁၉ စစ်ဆေးရေးဂိတ်နှင့် လော့ဒေါင်းများကို ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။

“ဟုတ်တယ်။ အကုန်လုံးကို ပြန်ဖွင့်ပေးလိုက်ပါပြီ။ မနေ့ကလည်း မြို့ဝင်မြို့ထွက် ကိုဗစ် စစ်ဆေးရေးဂိတ်တွေလည်း ပြန်ဖွင့်ပေးလိုက်ပြီ။ အားလုံးကို ပြန်ဖွင့်ပေးလိုက်ပါပြီ။” ဟု တာချီလိတ်မြို့ စေတနာဝန်ထမ်း ပရဟိတအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

လော့ဒေါင်းကို ပြန်ဖွင့်ပြီးနောက် ပရဟိတအဖွဲ့များက ပိုးတွေ့လူနာ ထပ်ရှိလာမှာကို စိုးရိမ်သော်လည်း ပြည်သူများ စားဝတ်နေရေး ခက်ခဲလာသောကြောင့် အခုလိုဖွင့်ပေးခြင်းသည် ကောင်းကျိုးတခုဖြစ်ကြောင်း ဆိုသည်။

“ပြန်ဖွင့်ပေးလိုက်တယ် ကြေညာလိုက်တော့ တချို့ပြည်သူတွေက ပျော်ကြတယ်လေ။ အသွားအလာ လွယ်လာတယ်။ ကုန်တင်ကုန်ပို့တာတွေလည်း ပို့ရတာလွယ်လာတော့ တချို့က စားဝတ်နေရေးအတွက် ဖြေရှင်းဖို့လွယ်လာတာပေါ့။ ကျနော်တို့လည်း စိုးရိမ်နေတယ်။ ဒါပေမဲ့လည်း ကျနော်တို့ လုပ်စရာရှိတာလုပ်ပြီး ကြိုတင်ပြင်ဆင်စရာရှိရင် ပြင်ဆင်ထားရမှာပေါ့” ဟု အထက်ပါ ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လော့ဒေါင်းကို ပြန်လည်ဖွင့်ပေးလိုက်သောကြောင့် ယခင်ထက် ကားမောင်း၊ ကုန်တင်ရာတွင် လွယ်ကူလာမည်ဖြစ်ကြောင်း ကားသမားတစ်ဦးက ပြောသည်။

ယခင် ကိုဗစ် ၁၉ မြင့်တက်ချိန်က ကုန်တင်ပို့ရာတွင် လူအစားထိုးပြီး ကုန်တင်ပို့ရသောကြောင့် အခက်ခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

“အရင်က ကိုဗစ် များတဲ့အချိန် ကုန်ပစ္စည်းတွေ မြို့ထဲပို့ဖို့ဆို လူအစားထိုး လူလဲရတယ်လေ။ ကျနော်တို့က အပြင်မှာစောင့် တစ်ခြားလူက ကျနော့ကားကို လာယူမောင်းရတာပေါ့။ အခုက ဒီလိုမျိုးမရှိတော့ဘူးဆိုတော့ ကျနော်တို့အတွက် ရှာစားရတာလည်း လွယ်ကူလာသလောက်ရှိတာပေါ့” ဟု ကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဒီဇင်ဘာလကစပြီး ကိုဗစ် ၁၉ ပိုးတွေ့လူနာများ ကျဆင်းလာပြီး သေဆုံးမှုနှုန်းလည်း ကျဆင်းလာကြောင်း သိရသည်။

ထို့အပြင် ပိုးတွေ့လူနာ အသစ်များလည်း ထပ်မံတွေ့ရှိမှု မရှိသည့်အတွက် လော့ဒေါင်းကို ပြန်လှည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article