သျှမ်းတောင် လင်းခေးမြို့နယ်အတွင်းရှိ တချို့ကျေးရွာများတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေကြောင်း သတင်းသိရသည်။

လင်းခေးမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်ကူးစက်မှု လျော့ကျသော်လည်း ကျေးရွာများတွင် အစုလိုက် အပြုံလိုက် ကိုဗစ်ကူးစက်မှု ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“ဝမ်စလောင်းတို့ နားကုံး ရွာတို့ဘက်မှာ ကူးတာများတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်မှာ ပိုးတွေ့တာ အရမ်းမြင့်တက်လာတယ်။ မြို့ပေါ်တော့ နည်းတယ်။ တချို့ရွာတွေလည်း နည်းတယ်။ လင်းခေးက အပေါ်ပိုင်းမှာ ကူးတာနည်းပြီး အောက်ပိုင်းမှာ ကူးတာများတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းက ဝမ်စလောင်း၊ နားကုံး၊ နမ့်ဆိုင်း ကျေးရွာများတွင် ကိုဗစ်ကူးစက်မှု အစုလိုက် တွေ့ရှိခဲ့တာဖြစ်ပြီး ဝမ်စလောင်းကျေးရွာမှာ တစ်ရက်တည်း ကိုဗစ် ကူးစက်လူနာ ၈၈ ဦးထိ တွေ့ရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

လင်းခေးမြို့ ပေါ်နှင့် အထက်ပိုင်းရှိကျေးရွာများတွင် ကိုဗစ်ကူးစက်မှု နည်းပါးသော်လည်း အောက်ပိုင်းရှိ ဝမ်ဟတ်၊ နားကုံး၊ ဝမ်စလောင်းနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများတွင် ကိုဗစ်ကူးစက်မှု ရှိနေဆဲဖြစ်ကြောင်း သိရသည်။
“မနေ့က ထပ်စစ်တော့ ဝမ်တိန်းမှာ မတွေ့ပဲ ကွန်ခန် ရွာမှာတော့ ၃ ယောက်ထပ်တွေ့တယ်။ ပြီးတော့ ကွန်းတက်(အတည်ပြုလူနာနှင့် ထိတွေ့ဖူးသူ) တွေဆီကနေလည်း ပိုးထပ်တွေ့တယ်။ စစ်တာ မပြီးသေးဘူး။ ရွာတွေမှာ ကွင်းဆင်းပြီး စစ်ဆေးနေတုန်းပဲ” ဟု အထက်ပါ ဒေသခံက ပြောသည်။
လင်းခေးမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၇) က ကိုဗစ် ကူးစက်သူ (၆)ဦး ရှိခဲ့ပြီး ကိုဗစ်ကူးစက်လူနာ စုစုပေါင်း (၁၂၂၀)ဦး၊ သေဆုံးသူ (၈)ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၀၁၁)ဦး ရှိကြောင်း သိရသည်။












Leave a Comments