သျှမ်းပြည် လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ပထမအကြိမ် ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်မှုများရှိလာကြောင်း စုံစမ်းသိရသည်။
မတ်လ ပထမပတ်မှ စတင်၍ လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ကာ ပြည်သူ့စစ်မှုထမ်း စတင်ကောက်ယူမည်ဟု ပြောဆိုခဲ့ကြောင်း လင်းခေးမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒါပထမဆုံးအကြိမ် နာမည်စာရင်းလိုက်ကောက်တာ။ သူတို့ကတော့ နာမည်စာရင်းပါရင် ပါတဲ့ လူမတွေ့ရင်တော့ မိဘတွေကို အသိပေးတယ်”ဟု လင်းခေးမြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဉပဒေ ကို ပြဋ္ဌာန်းခဲ့ပြီးနောက် လင်းခေးမြို့နယ် လူငယ်အများစုသည် အခြားပြည်နယ်နှင့် တိုင်းမှ ပြည်သူများနည်းတူ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြသကဲ့သို့ နယ်မြေခံ တိုင်းရင်းသား လက်နက်ကိုင်တပ် အတွင်းသို့ သွားရောက်စစ်မှုထမ်းကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်၊ ကျေးရွာအတွင်းသို့ ကွင်းဆင်းပြီး အသက် ၁၈ နှစ်နှင့် အသက် ၄၅နှစ်အရွယ်များကို လိုက်လံ စာရင်းကောက်ခံနေကြောင်း ၎င်းဒေသခံအမျိုးသားက ပြောသည်။
“အခုတော့ လူတွေ စပြီးစာရင်းကောက် လိုက်ရှာနေတာ လူကမရှိဘူး။ ဒီက လူတွေက ထိုင်းဘက်နဲ့ သျှမ်းတပ်တွေထဲ ရောက်ကုန်ပြီ။ လူငယ်တွေ မရှိရင် မရရင်တော့ ဘယ်လို လုပ်မလဲဆိုတာ မသိသေးဘူး” ဟု လင်းခေးမြို့မှ အသက် ၄၀ အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဉီးက ပြောသည်။
စစ်ကောင်စီတပ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် သင်တန်းအမှတ်စဉ် (၁၁) အထိ ဖွင့်လှစ်ထားကြောင်း သိရသည်။












Leave a Comments