သီပေါ စိန်ကျော့ မှတ်ပုံတင်ကိစ္စ ကျေးလက်ထူထု ဘာလို့ကျပ် တစ်သောင်းခွဲပေးရ

0

“သီပေါမြို့နယ် အတွင်း မှတ်ပုံလုပ်ပါက တဉီးကျပ် တစ်သောင်းခွဲ ပေးဆောင်ရ” ဆိုတဲ့ သတင်းကို နိုဝင်ဘာလ ၂၄ ရက်နေ့က ဖတ်လိုက်ရပါတယ်။

Photo CJ- ဇွန်လ ၂ ရက်နေ့က စိန်ကျော့ခန်းမ မှာပြုလုပ်တဲ့ မှတ်ပုံတင်ပြုလုပ်ခြင်းအစည်းအ၀ေး

ဒီကိစ္စ လဝက ကဘဲ အမှန်တကယ် တောင်းတာလား။ လဝက ပိုက်ဆံ ဘယ်လောက်ရသွားလဲ။ လူထု ကကော ဘာ့အတွက် ပိုက်ဆံကျပ် တစ်သောင်းခွဲ ပေးရတာပါလဲ။ အဲဒီ့ငွေ က ဘယ်သူ့အတွက်လဲ ဘယ်ရောက်သွားလဲ စသဖြင့် စသဖြင့် မေးစရာ တွေးစရာ ဖြစ်လာပါတယ်။

ဖြစ်စဉ်က ဒီလိုပါ ……..

သီပေါမြို့နယ် စိန်ကျော့ ကျေးရွာအုပ်စု ဟာ သီပေါမြို့  အရှေ့ တောင်ဘက် မိုင် ၄၀ လောက်ဝေးပါတယ်။ စိန်ကျော့ ကျေးရွာ အုပ်စု အတွင်းမှာ ကျေးရွာပေါင်း ၁၁ ရွာ လူဉီးရေ ထောင်ဂဏန်း ရှိပါတယ်။

မှတ်ပုံတင် လို့ ခေါ် တဲ့ နိုင်ငံသား စိစစ်ရေးကဒ် မရှိသေးတဲ့သူလဲ များပါတယ်။

ဘာလို့ အခု ကျမှ ကောက်ခါငင်ခါ မှတ်ပုံတင် ထလုပ်ကြတာလဲ။ ရွေးကောက်ပွဲလဲမရှိ၊ လွတ်လွတ်လပ်လပ် သွားလာ လျှောက်လည်  နိုင်တဲ့အချိန်အခါလဲမဟုတ်ဘဲနဲ့ – လို့တွေးနေမလားဘဲ။  

စုံစမ်းလေ့လာလို့သိရတာကတော့ – ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးဖို့ – တဲ့။ ဟုတ်ပါတယ်။ မှတ်ပုံတင် မရှိရင် ကာကွယ်ဆေး ထိုးလို့မရ၊ ကာကွယ်ဆေးထိုးလို့မရရင်  ဆေးထိုးပြီးကြောင်း အထောက်အထား မပြနိုင် ။ အဲတော့ ရွာသားတွေ ထောက်ခံစာမရှိရင် မြို့ဝင်  စျေးသွား ဟိုဝင် ဒီထွက် သာရေး နာရေး ရပ်ရေးရွာရေး လုပ်ဖို့ ခက်ခဲလာမှာပေ့ါဗျာ။

အဲတော့  ကျေးလက်လူထု ကိုဗစ်ဆေးထိုးခွင့်ရဖို့အတွက် – အခုလို  ကပ်ရောဂါထူပြောတဲ့ကာလ ရွာက လူတွေ မှတ်ပုံတင်လုပ်ဖို့  မြို့မတက်လာရအောင်ဆိုပြီး  လ၀က တာ၀န်ရှိသူတွေက အဆင်ပြေအောင်    ရွာဆင်းပြီးမှတ်ပုံတင်လုပ်ပေးရင်းနဲ့ ဒီပြသနာဖြစ်လာတာပါတဲ့။

ကြားရတဲ့ဖြစ်စဉ်က ဒီလိုပါ။  ဇွန်လ ၂ ရက်   ၂၀၂၁  က လဝက တာဝန်ရှိ တချို့ နဲ့ ကျေးရွာ တာဝန်ခံတွေ အုပ်ချုပ် ရေးတွေနဲ့  ပထမ ဆုံးအကြိမ်တွေ့ဆုံခဲ့ပါတယ်။

အဲဒီ့တုန်းက ကျေးရွာ ၁၁ ရွာ က အုပ်ချုပ်ရေးမှူးတွေ ရွာတာဝန်ခံတွေ အားလုံး ၁၈ ယောက် တက်ရောက် ပါတယ်။  ၁၁ ရွာကတော့ ၀မ့်ဖာဟော်ရွာ၊ ၀မ့်နားအော်ရွာ၊ ခါးချို၊ တော်နျု၊ မန်ပန်၊ ကုန်းပေါင်းရွာ၊ လုံယူမ်းရွာ၊ နမ့်လန်းရွာ၊ နောင်စော်မ်ရွာ၊ နားလိုင်ရွာနဲ့ ဆိုင်ကျော့ရွာ တို့ ဖြစ်ကြပါတယ်။

အစည်းအဝေးက စိန်ကျော့ ဟောခန်းမှာပါ။ (၁) အချက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း  မရှိသေးတဲ့သူ တွေကို စာရင်းအတိအကျ ကောက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးထံကို ၁ လ အတွင်း စာရင်းပို့ဖို့၊ (၂) ကတော့ ကျေးရွာအုပ်စု ရံပုံငွေ  စတာတွေ ပါဝင်ပါတယ်။

ဒီတော့ ပိုက်ဆံ တစ်ယောက် တစ်သောင်းခွဲ ကိစ္စ စလာတယ်ဆိုပါတော့။

စာရင်းရရှိပြီး နိုဝင်ဘာလ ၂၀ ရက်နေ့တုန်းက ထပ်မံတွေ့ဆုံပါတယ်။ တွေ့ဆုံတဲ့ ခေါင်းစဉ်က မှတ်ပုံတင်လုပ်ဖို့လူဉီးရေစာရင်း နဲ့  မှတ်ပုံတင်လုပ်ဖို့နေရာ ဆုံးဖြတ်ဖို့ပါ။

ဆုံးဖြတ်ချက်က ၃ ချက်ရရှိခဲ့ပါတယ်။

(၁) နိုဝင်ဘာ ၂၃ ရက်နေ့  စိန်ကျော့ ဇရပ် မှာ လူဆုံပြီး မှတ်ပုံတင်လုပ်မယ်။

(၂) မှတ်ပုံတင် လုပ်တဲ့သူတွေအနေနဲ့ တစ်ယောက် ကျပ် ၁၅၀၀၀ ထည့်မယ် ရပ်ရွာ အထွေထွေ အသုံးစားရိတ်အတွက်။

(3) ကျေးရွာ ၁၁ ရွာ အကြီးအကဲ သဘောတူညီချက်အရ သီပေါ မြို့က လဝက တာဝန်ရှိတွေကို ဖိတ်ပြီး စိန်ကျော့အထိ မှတ်ပုံတင်လာလုပ်ပေးမယ် စတာတွေပါ။

နံနက် ၁၀ နာရီမှာ အစည်းအဝေး စပြီး နံနက် ၁၁ မိနစ် ၅၀ မှာ အစည်းအဝေးရုပ်သိမ်းလိုက်ပါတယ်။ စိန်ကျော့ ရွာမ ကြီးအပါအဝင် ကျေးရွာ ၁၁ ရွာက အစည်းအဝေး တက်ရောက်သူ လူ ၂၀ ကလဲ တက် ရောက်ကြောင်းလက်မှတ်ထိုးထားတာရှိပါတယ်။

၂၀၂၁ ခု နိုဝင်ဘာ ၂၃ ရက်နေ့ မှတ်ပုံတင်လုပ်တဲ့နေ့တုန်းက လဝက ရုံးက အရာရှိ ဒေါ်စန်းစန်းအေး အပါအဝင် ဝန်ထမ်း ၉ ဉီး လာပါတယ်။ အိမ်ထောင်စု စာရင်း လုပ်သူက ၄၀ အိမ်ထောင်စု၊ မှတ်ပုံတင် လုပ်တဲ့သူက ၂၁၇ ယောက်ပါ။

ပိုက်ဆံပျောက်လား မပျောက်လား စစ်ကြည့်ရအောင်နော်။

အိမ်ထောင်စုစာရင်း ၄၀ နဲ့ မှတ်ပုံတင်လုပ်သူ ၂၁၇ ဉီး ကို ၁၅၀၀၀ ကျပ် နှုန်းနဲ့ ဆို ပိုက်ဆံ ၃၈၅၅၀၀၀ ကျပ် ( ၃၈ သိန်းကျော်) ဆိုပါတော့။

အဲဒီ့နေ့က အသုံး စားရိတ်က လဝက ရုံး ကို တဉီး ကျပ် ၅၀၀၀ ပေးသွင်းတယ်။ ကျပ် ၁၂၈၅၀၀၀ ( ကျပ် ၁၂ သိန်းကျော်၊ ဝန်ထမ်း ၉ ဉီး အတွက် တစ်ယောက် ကျပ် ၁ သိန်း ဆို ကိုးသိန်း။ ဟိုရေး ဒီရေး ဖေါက်ကူဖြည့် ပေးတဲ့ လူငယ် ၈ ဉီး အတွက် တစ်ယောက် ၃ သောင်း ဆိုတော့ ၂၄၀၀၀၀ ကျပ်( နှစ်သိန်းလေးသောင်း) ကုန်ပါတယ်။ လူ့လောက ဆိုတော့ လောကဝတ်ပေါ့ဗျာ။

အဲ့ဒီ့နေ့ လုပ်အား ထမင်းစားအင်အားက  လူ  ၂၇  ယောက်ရှိတယ်။ ထမင်း ဟင်းချက်ပြုတ်တာ ကလဲ  ၅၆၀၀၀၀ ကျပ် ( ၅ သိန်း ၆ သောင်း) ကုန်ပြန်တယ်။

တွက်ကြည့်ပါ – လက်ရှိ ရပ်ရွာ ရံပုံငွေ အတွက် က ကျပ် ၈၇၀၀၀၀ ( ကျပ် ၈ သိန်း ၇ သောင်း) ကျန်တယ်။ ဒါပဲ – ဒီ့ထက် လဲ ကျနော်မရှင်းတတ်တော့ဘူး။ ကိုယ့်ဟာကိုသာ တွက်ချက်ကြည့်ပါတော့ဗျာ။

ဒီစာရေးရခြင်းရဲ့ ရည်ရွယ်ချက်က လဝက နဲ့ ရပ်ရွာ အုပ်ချုပ်ရေးမှူး တို့နှစ်ဘက်လုံး အမြင်ရှင်းအောင် အားလုံးပွင့်လင်းမြင်သာမှုရှိအောင်ဆိုတဲ့ ရည်ရွက်ချက်နဲ့ပါဘဲ။

အားလုံးကျန်းမာ ချမ်းသာပါစေ

စိန်ကျော့ က အိုက်စိုင်း

*** မှတ်ချက်

ကျနော် အိုက်စိုင်း ကြားလူပါ။ လဝက လဲမဟုတ် ရပ်ရွာ အုပ်ချုပ်ရေးမှူး အဖွဲ့ထဲလဲ မပါဝင်ပါဘူးနော်။ ရွာကိုလည်းချစ်တယ်။ အမှန်တရားကိုလဲ ချစ်ပါတယ်လို့။

Leave a Comments