သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်ရှိ မြင်းကရွာလူကြီးနှင့် လူငယ်များကို စစ်ကောင်စီက အကြောင်းမဲ့ မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (နိုဝင်ဘာလ ၁၆) ည ၁၂ နာရီကျော်တွင် အင်အား ၃၀ ခန့်ရှိသော ရဲနှင့်စစ်သားတို့သည် မြင်းကရွာသို့ ကားဖြင့် ရောက်ရှိလာပြီး ရွာလူကြီးအပါအဝင် ရွာသား လူငယ် ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“ညကြီး ရောက်လာတာပါ၊ ရွာထဲရောက်လာတာနဲ့ ဆဲဆိုသံတွေကြားရတယ်၊ ရွာလူကြီးအိမ်တန်းသွားပြီးတော့ ရွာလူကြီးကို နိုးပြီးဖမ်းတယ်၊ နောက်တော့ရွာထဲ လှည့်ပြီး လူငယ် ၅ ယောက်ကိုလည်းဖမ်းသွားတယ်၊ ကြည့်ရတာ စာရင်းနဲ့ လာဖမ်းသလိုပဲ၊ ဘာကြောင့်လဲတော့ မသိရဘူး” ဟု မြင်းကရွာ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲတို့သည် မြင်းကရွာလူကြီးကို ဖမ်းသွားသည့်အပြင် နေအိမ်ဝန်းအတွင်း ရပ်ထားသည့် Hijet ကားကိုလည်း သော့တောင်းပြီး မောင်းယူသွားကြောင်း သိရသည်။
“သူတို့က စစ်မေးစရာရှိလို့ ဆိုပြီး ရွာလူကြီးကို ခေါ်သွားမယ်တဲ့၊ ရပ်ထားတဲ့ကားကိုတွေ့တော့ ဒါဘယ်သူ့ကားလဲ သော့ပေးပါ၊ ဒီကားက တရားဝင်လို့လားဆိုပြီးလည်း ပြောသွားတယ်” ဟု ဖြစ်စဥ်များကို သိရသည့် ရွာသား တစ်ဦးကလည်း ပြောသည်။
ယမန်နေ့ ည ၈ နာရီဝန်းကျင်အချိန်တွင် ကလောမြို့ရှိ EPC ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်သားနှင့် ရဲတို့က မြို့တွင်း လုံခြုံရေးတင်းကြပ်မှုများအပြင် အနီးပတ်ဝန်းကျင်ရှိ ရွာများအထိပါ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။