တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ

0

“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။

ယခုနှစ် အောက်တိုဘာ (၂၄)ရက် တွင် တရုတ်ဘက်က မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာ အတွင်းဘက်ကို ပေ ၅၀ ကျော်ပြီး ခြံစည်းရိုးလာခတ်တာကို ဒေသခံတွေက ပြန်ဖြုတ်ခဲ့တဲ့အကြောင်း စိုင်းနော်က ပြန်ပြောပြတာပါ။

တရုတ်ဘက်က နယ်ကျော်ပြီး လာစိုက်တဲ့ နယ်ခြား ခြံစည်းရိုးကို နောက်တစ်ရက်မှာပဲ ဒေသခံ ၂၄၀ကျော် ကသွားဖျက်ခဲ့တာပါ။

စစ်အာဏာသိမ်းပြီး (၆)လကျော် ကာလနောက်ပိုင်း ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ပြီး တရုတ်အာဏာပိုင်တွေက မြန်မာနယ်မြေထဲကိုကျော်ဝင်ပြီး သံဆူးကြိုးတွေနဲ့ လာရောက်ကာရံမှုတွေ ပြုလုပ်နေတာပါ။

အဲဒီလို နယ်ကျော်ပြီး ခြံစည်းရိုး ခတ်ခဲ့တဲ့ နေရာတွေ ကတော့ သျှမ်းပြည်မြောက်ပိုင်း မြန်မာ – တရုတ်နယ်စပ်က မူဆယ်ခရိုင် တစ်ကြောဖြစ်တဲ့ ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာအုပ်စု၊ မုံးကိုးမြို့နယ်၊ မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့ နဲ့ ၊ ပန်ခမ်းကျေးရွာအုပ်စု၊ နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာအုပ်စုနဲ့ နောင်ခမ်းကျေးရွာအုပ်စုတွေဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး အကြောင်းပြချက်နဲ့ နယ်စပ် ခြံစည်းရိုးကို အလျင်အမြန်ကာရံနေတာဖြစ်ပြီး မြန်မာပိုင်နက်ဘက်ကို ကျော်ဝင်ပြီး ကာရံတာတွေ ရှိနေတယ်လို့ သျှမ်းမြောက် မူဆယ်ခရိုင် နယ်စပ်မျဉ်းပေါ်နေထိုင်သူတွေက ဆိုကြပါတယ်။

“အစက ကိုဗစ်ကို အကြောင်းပြပြီး နယ်စပ်မှာ ခြံစည်းရိုးခတ်တယ်။ နောက် တဖြည်းဖြည်းနဲ့ ဒေသခံတွေပိုင်တဲ့ မြေယာနားထိကျူးကျော်ပြီး ခြံစည်းရိုးလာကာတယ်။ ပြည်သူတွေပဲ သွားဖျက်နေရတာ။ ဘယ်အစိုးရမှ လာမရှင်းဘူး” လို့ မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့ မှာ နေထိုင်တဲ့ ဒေသခံ စိုင်းဖ က ပြောပြပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပန်ခမ်းဒေသမှာ ဒေသခံတွေကို လယ်ယာမလုပ်ကိုင်ဖို့ တရုတ်ဘက်က ခြိမ်းခြောက်လာတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

“ကျနော်တို့ ပန်ခမ်းဘက်ဆို တရုတ်က ခြိမ်းခြောက်ထားတာရှိတယ်။ နယ်နိမိတ် ထိစပ်တဲ့နေရာတွေမှာ ဘယ်သူမှ လယ်ယာတွေ မလာလုပ်ဖို့၊ လာလုပ်ရင် သူတို့(တရုတ်) လာဖျက်ဆီးမယ်ဆိုတာ ခြိမ်းခြောက်တာရှိတယ်။ ခုလဲ ဒေသခံတွေ အခြေအနေ စောင့်ကြည့်နေတယ်။ ခုက နှစ်ဖက်စလုံး စောင့်ကြည့်နေကြတယ်”ဟု စိုင်းနော်က ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်စပ်နေထိုင်သူတွေကတော့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်ကို တိုင်ကြားခဲ့ပေမယ့် လက်ရှိ တစ်စုံတစ်ဦးမှ တာဝန်ယူဖြေရှင်းပေးမှု မရှိကြတဲ့အတွက် နယ်စပ်နေထိုင်သူတွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရတာဖြစ်ပါတယ်။

မန့်ဟီးရိုး ‌ဒေသခံ စိုင်းဖကလည်း သူတို့ဒေသခံတွေရဲ့ လယ်မြေတွေထဲကို တရုတ်ဘက်က နယ်စပ်ခြံစည်းရိုး လာစိုက်တာကို မြန်မာအာဏာပိုင်တွေဘက်က မဖြေရှင်းပေးတာကြောင့် ဒေသခံတွေကပဲ ခြံစည်းရိုးတိုင်တွေကို သွားရောက်ဖယ်ရှားခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကျနော်တို့ သိသိချင်း သွားဖြုတ်လိုက်တာပဲ။ အစိုးရကလည်း လာမကြည့်ဘူး။ ကျနော်တို့ ဖုန်းဆက်တယ်။ လုပ်လို့ရလား ဖြုတ်လို့ရလားမေးတယ်။ ရတယ်ဆိုလို့ ကျနော်တို့ သွားဖြုတ်တယ်” လို့ မန့်ဟီးရိုးဒေသခံ စိုင်းဖ က ဆိုပါတယ်။

တရုတ်ဘက်ကို အများကြီး မှီခိုနေရတဲ့ နယ်စပ်ဒေသက ဒေသခံတွေက ဒီလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြပေမယ့် သူတို့အတွက် လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ နယ်စပ်ခြံစည်းရိုးကို နယ်မြေကျော်ပြီးကာတာကို ကန့်ကွက်ရင် ဒေသထွက် စိုက်ပျိုးရေး သီးနှံတွေ မဝယ်တော့ဘူးဆိုပြီး တရုတ်ဘက်က ခြိမ်းခြောက်တာတွေရှိနေပါတယ်။

ပန်ဆိုင်းမြို့နယ်အတွင်းရှိ နမ့်ယန်းချောင်းကို တရုတ်ဘက်က မြေဖို့ပြီး ခြံစည်းရိုးကာဖို့ ကြိုးစားရာ ဒေသခံတွေ ကန့်ကွက်ပါက ခြံထွက်ကြံတွေ မဝယ်ယူကြောင်း ခြိမ်းခြောက် အကျပ်ကိုင်ပါတယ်။

ကိုဗစ်-၁၉ ပြန့်ပွားမှုကြောင့် တရုတ်ဘက်က ပန်ဆိုင်းဒေသခံများ စိုက်ပျိုးပြီး ထွက်လာမယ့် ကြံတွေကို မဝယ်ပါက ဒေသခံတွေ စားဝတ်နေရေးအတွက် အခက်ခဲများစွာ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

“အခုချိန်က ကိုဗစ် ကာလလေ။ ကျနော်တို့လည်း တစ်ခြားလုပ်စားဖို့က ခက်တယ်။ နောက်ထပ် (၃-၄)လ လောက်ဆို ကြံကို ခုတ်ရောင်းရတော့မယ်။ သူတို့ဘက်က မဝယ်ဘူးဆိုရင် ကျနော်တို့အတွက် ခက်ခဲမှုများစွာ ရှိလာနိုင်တယ်လေ။ ကျနော်တို့ စားဝတ်နေရေးအတွက်က ပိုပြီး ခက်ခဲလာနိုင်တာပေါ့” ဟု အောက်တိုဘာ (၂၅)ရက်နေ့က မန့်မိုင်ကျေးရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

နယ်စပ်ဒေသဖြစ်တဲ့ မူဆယ်ခရိုင် မုံးကိုးမြို့နယ်မှာတော့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် (MNDAA)တွေ တိုက်ပွဲဖြစ်ပွားတာကို အခွင့်ကောင်းယူပြီး တရုတ်ဘက်က နယ်ချဲ့ကျူးကျော်နေကြပေမယ့် ဒေသခံတွေက သွားပြီး မဟန့်တားနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။

“မုံးကိုးဘက်က တိုက်ပွဲတွေဖြစ်ထားတော့ တရုတ်ဘက်က အစောင့် (၂၄)နာရီ ချထားတယ်။ သူတို့ဘက်ခြမ်း ထွက်မပြေးနိုင်အောင်လို့ထင်တယ်။ တိုက်ပွဲတွေကြောင့် ခြံစည်းရိုးကို ဘယ်သူမှ သွားမဖျက်ဆီးရဲဘူး” မူဆယ်ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီလိုဖြစ်နေတာဟာ နိုင်ငံရေးနဲ့ပတ်သက်နေပြီး ဖြေရှင်းပေးမယ့်အစိုးရမျိုး မရှိလို့ ဖြစ်နေတာလို့ ဒေသခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

“ကျနော့်အမြင်ကတော့ နိုင်ငံရေးနဲ့ ပတ်သက်မယ်ထင်တယ်။ ကျနော်တို့ နိုင်ငံရေး ရှုပ်ထွေးနေချိန်မှာ အခွင့်ကောင်းယူပြီး ကျနော်တို့ နယ်မြေကို ရချင်တာနေမှာ။ ဘာကြောင့်လဲဆိုတော့ ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး သွားရောက်ဖြေရှင်းပေးမယ့် ပြည်သူ့အစိုးရက ရှိမနေဘူး” ဟု မူဆယ်ဒေသခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ စိုင်းမျိုး (အမည်လွှဲ)က ပြောပါတယ်။


တရုတ်-မြန်မာ နယ်နိမိတ်ဟာ ၁၉၆၀ ခုနစ် သဘောတူစာချုပ်အရ မိုင်ပေါင်း (၁၃၇၀)နီးပါး ရှည်လျားပြီး၊ သျှမ်းပြည် အတွင်းမှာ မူဆယ်၊ နမ့်ခမ်း၊ မန့်ဟီးရိုး၊ ကြူကုတ်၊ ပန်ဆိုင်း၊ ကိုးကန့်၊ ဝ ဒေသနဲ့ မိုင်းလားဒေသ စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေပါတယ်။

နယ်စပ်မျဉ်းရဲ့ ၁၀ မီတာ အကွာမှာ နှစ်ဖက်နိုင်ငံ တာဝန်ရှိသူတွေ သဘောတူညီချက်မရဘဲ တစ်စုံတစ်ရာ လုပ်ပိုင်ခွင့်မရှိကြောင်း ပြဌာန်းချက်အရ ဖြေရှင်းမှုအဆင်ပြေခဲ့ကြပေမယ့် တစ်ချို့ ပြသနာတွေဟာ ပြည်ထောင်စုအဆင့် ဆက်လက်တင်ပြမှသာ အဆင်ပြေကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

”ဒီကာလမှာ ကိုဗစ်နဲ့ ဆိုတော့ ကွင်းဆင်းဖို့ကလည်း ခက်တယ်။ နောက်ပြီး တစ်ချို့ အရာတွေက အထက်ကို တင်ပြရတာတွေရှိတယ်။ ကျနော်တို့ပဲ ဖြေရှင်းလို့မရဘူး။ လက်ရှိကာလ အကျပ်အတည်းတွေကလည်းရှိတော့ မလွယ်ဘူး” လို့ ၎င်းက ပြောပါတယ်။

မြန်မာ-တရုတ် နယ်စပ်ထိစပ်မျဉ်းနဲ့ပတ်သက်ပြီး နှစ်ဦးသဘောတူစာချုပ်ရှိခဲ့ကြောင်း၊ နယ်စပ်မျဉ်းပေါ် တဖွဲ့ဖွဲ့မှ ခြံစည်းရိုးခတ်မယ်ဆိုပါက နှစ်ဦးသဘောတူမှသာ ခတ်လို့ရကြောင်း လွန်ခဲ့တဲ့ ၁၉၆၀ နယ်နမိတ်မျဉ်းဆိုင်ရာ စာချုပ်တွင် ရေးသားဖော်ပြခဲ့ကြောင်း ဥပဒေ ပညာရှင် စိုင်းအောင်မြင့်ဦးက ပြောပြပါတယ်။

“တကယ်လို့သာ ခြံစည်းရိုးခတ်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် သဘောတူမှ ခြံစည်းရိုးခတ်လို့ရတယ်။ စာချုပ်မှာရှိထားပြီးသား” လို့ စိုင်းအောင်မြင့်ဦးက ဆိုပါတယ်။

လက်ရှိ တရုတ်ဘက်မှ နယ်စပ်မျဉ်းပေါ် ခြံစည်းရိုးခတ်တဲ့ကိစ္စကို သက်ဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံရေး ပါတီတွေထံ ကန့်ကွတ်စာပို့နိုင်ကြောင်း၊ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေအရ တရုတ်ဘက်မှ ထပ်မံ မပြုလုပ်နိုင်ရန် နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီးမှသာ စာချုပ်အတိုင်း ပြန်လုပ်ရန် ကန့်ကွက်စာပို့သင့်ကြောင်း လည်း ဥပဒေ ပညာရှင် စိုင်းအောင်မျိုးဦးက ထောက်ပြပြောဆိုလိုက်ပါတယ်။

တရုတ်ဘက်ခြမ်းမှ သံဆူးကြိုးဖြင့် ပေ (၅၀)ကျော်လောက် မြန်မာဘက်ခြမ်းကို နယ်ချဲ့ကျူးကျော်လာခဲ့ပေမယ့် မြန်မာအာဏာပိုင်ဟု ဆိုသူတွေကတော့ သွေးအေးနေပြီး ရပ်ကြည့်နေတဲ့အပေါ် ဒေသခံတွေက မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။

လတ်တလော်မှာ တရုတ်ဘက်ကနယ်ကျော်ပြီး လာခတ်တဲ့ ခြံစည်းရိုးကို နယ်စပ်က ဒေသခံတွေက သွားဖြုတ်နေကြပေမယ့် ရေရှည်အတွက်မလွယ်ပါဘူး။

မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာမှာနေတဲ့ ဒေသခံ စိုင်းနော်ကတော့ “ သူတို့ လာခတ်ထားတဲ့ သံဆူးကြိုးကို ကျနော်တို့ ပြန်သွားဖြုတ်ခဲ့ပေမယ့် ပြဿနာ က ဒီတိုင်းမပြီးသွားသေးဘူး။ ဘာဆက်ဖြစ်လာမလဲဆိုတော့တော့ မသိသေးဘူး” လို့ ဆိုပါတယ်။

Leave a Comments