Monday, May 6, 2024

မြန်မာ -တရုတ် နယ်စပ် နမ့်ခမ်းမြို့အနီးတွင် ဗုံးပေါက်ကွဲသံကြား

Must read

မြန်မာ – တရုတ် နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီးတွင် ယနေ့ (မေလ ၁၉) ရက် မနက် ၇ နာရီဝန်းကျင်တွင် ဗုံးအဆက်မပြတ် ပေါက်ကွဲမှုကြားရသဖြင့် နမ့်ခမ်းမြို့‌ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

ယနေ့မနက်ပိုင်းအချိန်တွင် ဗုံးသံ အချက် ၂၀ ထက်မနည်း ဆက်တိုက်ကြားနေရကြောင်း နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဗုံးပေါက်ကွဲသံက ဟိုတရုတ်ဘက်ကနေ ကြားရတာ အချက် ၂၀ လောက်ရှိတယ်။ ကျနော်တို့ နမ့်ခမ်းမြို့အထိ အကျယ်ကြီးကြားရတယ်။ ကျနော်တို့ဘက်က ပြည်သူတွေကို ထိတ်လန့်စေတယ်။ တစ်ချို့ဆိုဈေးတောင် သွားမရောင်း ရဲကြတော့ဘူး” ဟု နမ့်ခမ်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့အဝင် ဆိုင်းဘုတ်

အဆိုပါ ပေါက်ကွဲသံသည် တရုတ်နိုင်ငံဘက်မှလာသည့်အသံဖြစ်ပြီး တရုတ်စစ်သားများက စစ်ရေးလေ့ကျင့်မှုကြောင့် ဖြစ်သည်ဟု တရုတ်ပြည်အတွင်းနေထိုင်သည့် ဒေသခံသျှမ်းလူမျိုးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တရုတ်ပြည်ထဲမှာသူတို့ဘက်က စစ်ရေးလေ့ကျင့်နေတာ။ သေနတ်ပစ်လေ့ကျင့်နေတာဖြစ်တယ်။ သူတို့ပစ်လာတာ ၂ ရက်လောက်ရှိနေပြီ” ဟု တရုတ်ပြည်တွင်း နောင်တောင်းကျေးရွာအုပ်စုထဲတွင်နေထိုင်သည့် ဒေသခံတစ်ဦး ကပြောသည်။

ထိုဗုံးမကြာခဏပေါက်ကွဲမှုကြောင့် အသက် (၃၀) အရွယ်ရှိသည့် အမျိုးသမီးတစ်ဦးက “ စိတ်ပူတာပေါ့။ အခုက နိုင်ငံရေးအခြေနေကလည်း မတည်မငြိမ်ဖြစ်နေတာ။ ဒီလို ဗုံးသံတွေမကြာခဏ ကြားနေရတာတော့ သတိထားပြီး နေနေရတယ်။ ကြောက်နေရတယ်” ဟု ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲတွင် မြောက်ပိုင်းမဟာမိတ်၊ စစ်ကောင်စီ၊ ပြည်သူ့စစ် တို့သွားလာလှုပ်ရှားနေသည့် ဒေသတစ်ခုဖြစ်ပြီး တရုတ်နှင့် နယ်မြေထိစပ်နေသည့် မြို့တမြို့ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article