သိန္နီမြို့လယ်ခေါင်ဖုန်းဆိုင်တဆိုင်ကို ဓားပြအုပ်စုမှ ပြန်ပေးဆွဲရန်ကြိုးစား

0

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့လယ်ခေါင်တွင် ယနေ့ နေ့လည်ပိုင်း ၌ ဖုန်းဆိုင်တစ်ဆိုင်၏ ဆိုင်ရှင်ကိုဓားပြအုပ်စုက ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (အောက်တိုဘာ ၁၄) ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင် ခန့်တွင် ရွံ့များပေကြံနေသည့် Vigo အမျိုးအစားနှင့် 4 wheel ကား အနက်ရောင်တစ်စီးဖြင့် လူတစ်စုသည် သိန္နီ မြို့လယ်ခေါင်ရှိ ဆိုနီဖုန်းဆိုင်သို့ ရောက်လာပြီး ဆိုင်ရှင် အမျိုးသားကို ပြန်ပေးဆွဲရန်ကြိုးစားခဲ့ကြောင်း ဒေသခံတစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ကားက ဆိုနီဆိုင်ရှေ့မှာရဲ့ ဟိုဖက်တစ်လမ်းမှာ မနက်ကတည်းက ရပ်ထားတာ၊ နေ့ခင်းပိုင်းရောက်တော့ လူ ၄ ယောက်က ကားပေါ်က ဆင်းလာပြီး ဆိုင်ထဲကိုဝင်သွားတယ်၊ အစက ပိုက်ဆံတောင်းတယ်၊ ဆိုင်ရှင်က မပေးချင် တော့ ဟေ့ကောင်မင်းလိုက်ခဲ့ဆိုပြီးတော့ ဆိုင်ရှင်အမျိုးသားကို ဆွဲခေါ်ဖို့လုပ်နေတာ ဆိုင်ထဲမှာရှိနေတဲ့သူတွေ ကို ဓါးထုတ်ပြပြီး ခြိမ်းခြောက်နေတာလည်းတွေ့ရတယ်” ဟု အဆိုပါ ဆိုင်နှင့် နီးသည့် အိမ်မှ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လာရောက်ရမ်းကားသည့် လူများသည် လူလတ်ပိုင်းအရွယ် အမျိုးသား လေးယောက်ဖြစ်ကြပြီး ၎င်းတို့ လာသည့် အချိန်တွင် ဆိုနီဆိုင်ထဲ၌ ဆိုင်ရှင် အမျိုးသားနှင့် ၎င်း၏ အမျိုးသမီး၊ ဆိုင်ဝန်ထမ်းဖြစ်သည့် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး နှစ်ဦးရှိနေကြောင်းလည်း သိရသည်။

“သူတို့က ဆိုင်ရှင်ကို ဆွဲနေချိန် ကျမတို့လည်းပြန်ဆွဲတယ်၊ ကျမတို့လူ အပါမခံနိုင်ဘူးပေါ့နော်၊ အဲ့မှာ ကျမလက် တောင် မှန်ဘောင်နဲ့ ခိုက်မိသွားသေးတယ်၊ သူတို့က ဓါးထုတ်ပြပြီး ခြိမ်းခြောက်တာ၊ နောက်တော့ အသံတွေ ကြားလို့ ဘေးနားဆိုင်ကလူတွေလည်း လာဝိုင်းမှ သူတို့လွတ်ပြီး ကားဆီပြန်ပြေးသွားတာ၊ ဘာပစ္စည်းမှတော့ မပါသွားဘူး” ဟု ဆိုနီဆိုင်မှ ဝန်ထမ်းအမျိုး သမီးတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်၊၊

သိန္နီမြို့ပေါ်သည် ယခင်ကာလများတွင် ငြိမ်းချမ်စွာ ရှိခဲ့ဖူးသော်လည်း စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိတွင် ဖုန်းဆိုင်မှာ ဝန်ထမ်းလုပ်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်နေသော်လည်း လုံခြုံမှုမရှိနိုင်ကြောင်း လည်း အဆိုပါ ဆိုင်ဝန်ထမ်း အမျိုးသမီးက ပြောသည်။

“တော်တော်ကို ကြောက်သွားရပါတယ်၊ လန့်သွားတာပေါ့နော်၊ ခုလို ရိုးရိုးသားသားနဲ့ ဖုန်းဆိုင်မှာ ဆိုင်ဝန်ထမ်း လုပ်နေတာတောင် ဘဝကြီးက မလုံခြုံဘူး၊ ပြောရရင်တော့ ဥပေဒေစိုးမိုးမှု မရှိတာပေါ့နော်” ဟု ၎င်းက ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည်မှ မြို့ရွာများအပါအဝင် မြန်မာနိုင်ငံနှင့် တဝှမ်း လုံး၌ ခိုးဆိုးလုယက်မှုများ ပေါများလာပြီး သူခိုးဓါးပြများက သောင်းကျန်းလွန်းအားကြီးနေသည့်အတွက် ပြည်သူများအနေဖြင့် သွားလာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments