“အခုဆို သိန္နီမြို့ထဲကို ဝင်လိုက်တာနဲ့ အရင်လို ခံစားချက်မဟုတ်တော့ဘဲ တရုတ်ပြည်က နယ်စပ်မြို့ငယ်လေးကို ရောက်သွားသလိုပဲ” ဟု ခရီးသွားလာနေသည့် စိုင်းလျန်း (အမည်လွှဲ) က ဝမ်းနည်းစွာဖြင့် ပြောလေသည်။
တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အချက်အခြာကျသည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ “၁၀၂၇ စစ်ဆင်ရေး”အပြီး နှစ်နှစ်ကျော်အတွင်း ယခင်နှင့်မတူသော ပြောင်းလဲမှုများကို စိုင်းလျန်းတစ်ယောက် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
သိန္နီမြို့ထဲကို ဝင်လိုက်သည်နှင့် သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ရှေးဟောင်း ဟော်နန်း အငွေ့အသက်များအစား တရုတ်စာလုံးများဖြင့် ပြည့်နှက်နေသော ဆိုင်းဘုတ်များ၊ သူစိမ်းများနှင့် စည်ကားနေသော လမ်းမများကိုသာ မြင်တွေ့နေရသည်။
ထိုမြို့သည် တရုတ်နယ်စပ်ရှိ မြို့ငယ်လေးနှင့် ပိုတူသည်ဟု စိုင်းလျန်းက ခိုင်းနှိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။
ဤပြောင်းလဲမှုသည် သာမန်အုပ်ချုပ်ရေး အပြောင်းအလဲတစ်ခုလား သို့မဟုတ် နှစ်ပေါင်းများစွာ တည်ရှိနေသော ယဉ်ကျေးမှုကို ဖျက်ဆီးလိုက်ခြင်းလား ဆိုသည်မှာ ဒေသခံများအကြား မေးခွန်းထုတ်စရာ ဖြစ်နေသည်။
သမိုင်းဝင်ယဉ်ကျေးမှုများ ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်
သိန္နီမြို့ကို ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် နှစ်နှစ်အတွင်း သိသာထင်ရှားသော ပြောင်းလဲမှုမှာ ဘာသာစကားပင်။
၂၀၂၅ ဧပြီလဆန်းပိုင်းမှ စတင်ပြီး သိန္နီမြို့ပေါ်ရှိ ဈေးဆိုင် ဆိုင်းဘုတ်များတွင် သျှမ်းစာနှင့် အင်္ဂလိပ်စာ ရေးသားခြင်းကို MNDAA က တားမြစ်လိုက်ပြီး တရုတ်စာကိုသာ မဖြစ်မနေ ထည့်သွင်းအသုံးပြုခိုင်းထားသလို သမိုင်းဝင် သိန္နီဟော်နန်း၏ မုခ်ဦးရှေ့၌ပင် တရုတ်စာတန်းများက နေရာယူထားသည်။

ထို့အပြင် MNDAA ၏ အုပ်ချုပ်ရေးယန္တရားအောက်၌ “သိန္နီ” ဆိုသော အမည်ထက် တရုတ်အခေါ် “မူပန် 木邦” ဆိုသော အမည်က ပိုမိုတွင်ကျယ်လာကြောင်း စိုင်းလျန်းက ၎င်းမြင်တွေ့ခဲ့ရသော သိန္နီမြို့အကြောင်းကို ပြန်ပြောပြနေသည်။
“တွေ့တဲ့အတိုင်း သိန္နီဟော်နန်း မုခ်ဦးတောင် တရုတ်စာနဲ့ ဖြစ်နေပြီ။ ပြီးတော့ ရပ်ကွက်ရုံး၊ မြို့နယ်ရုံးတွေမှာလည်း တရုတ်စာနဲ့ မြန်မာစာ နှစ်ဘာသာသုံးတဲ့ နေရာမှာ မြို့နာမည်ကို သိန္နီ လို့ မသုံးဘဲ မူပန်အဖြစ်နဲ့ဘဲ တွေ့ရတယ်” ဟု စိုင်းလျန်းက လက်ရှိ သိန္နီမြို့အခြေအနေကို ပြောပြသည်။
MNDAA ၏ ဖိတ်ခေါ်မှုကြောင့် တရုတ်လုပ်ငန်းရှင် အများအပြားလည်း သိန္နီမြို့ပေါ်တွင် အခြေချလာကြပြီး အချက်အခြာကျသည့် မြို့နေရာများတွင် အဆိုပါ တရုတ်လုပ်ငန်းရှင်များက ကုန်စုံဆိုင်၊ ကုန်မာဆိုင်၊ ဆေးဝါးနှင့် စားသောက်ဆိုင်များကို ဖွင့်လှစ်ထားကြသည်။
“တရုတ်ပြည်က တရုတ်လူမျိုးဆိုင်တွေ တော်တော်များများ ဖြစ်လာတယ်။ အရင်ကတည်းက ရှိခဲ့တဲ့ ဆိုင်တွေလည်း တရုတ်စာ အတင်းထည့်ခိုင်းထားတယ်။ ဆိုင်တိုင်းလိုလို တရုတ်စာ ဖြစ်ကုန်ပြီ” ဟု စိုင်းလျန်းက ပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသွားကြရသည့် မြို့ခံတို့၏ နေအိမ်၊ ဆိုင်ခန်းများ အပါအဝင် လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များက ဈေးအဆမတန်ပေး၍ ငှားရမ်းနေကြောင်း၊ တရုတ်နိုင်ငံ လိုင်စင်နံပါတ်တပ် ကားများဖြင့် မြို့တွင်း၌ နေ့စဉ် သွားလာနေကြသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။
MNDAA တာဝန်ရှိသူများသည် အာဏာအလွဲသုံးစား ပြုလုပ်ပြီး တစ်သျှူးငှက်ပျောနှင့် ကြံ၊ ဖရဲ စသည့် သီးနှံများ စိုက်ပျိုးရန် ဒေသခံ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များထံ လက်တစ်လုံးခြား ငှားရမ်းခြင်းများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
“အိမ်အပြင်ထွက်သွားရင် တရုတ်ပြည်ထဲ ရောက်သွားသလိုပဲ။ ကိုယ့်ဒေသမှာကိုယ် နေရာကျဉ်းသွားသလို ခံစားရတယ်” ဟု သိန္နီမြို့ခံ နန်းညွှန့် (အမည်လွှဲ) ကလည်း ဝမ်းနည်းစွာဖြင့် ပြောသည်။
၂၀၂၅ နိုဝင်ဘာလကုန်ပိုင်းမှ စတင်၍ သိန္နီမြို့တွင် MNDAA က အထူးဒေသ (၁) ဒေသခံ စိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများကို အရှိန်အဟုန်ဖြင့် ပြုလုပ်ပေးနေသည်။
သိန္နီမြို့ပေါ် ရပ်ကွက်များတွင် တစ်ရက်လျှင် လူဦးရေ ၂၀၀ နှုန်းဖြင့် ကိုးကန့်မှတ်ပုံတင် ခေါ် ဒေသခံစိစစ်ရေးကတ်များ ထုတ်ပေးနေပြီး တစ်ဦးလျှင် ကျပ်ငွေ ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိ ကောက်ခံနေကြောင်း သိရသည်။

ထို့အပြင် အမှိုက်သိမ်းခ အဖြစ် တစ်လ ၁၅,၀၀၀ ကျပ်နှင့် ဆိုင်လိုင်စင်ကြေးများကိုပါ စတုရန်းပေအလိုက် ကောက်ခံနေခြင်းမှာ MNDAA အနေဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေးအောက်တွင် သိန္နီမြို့ တည်မြဲနေကြောင်း ပြသနေသယောင် ရှိသည်။
MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်ပြားများမှာ တရုတ်-မြန်မာနယ်စပ်ရှိ မုံးကိုးနှင့် ချင်းရွှေဟော် ဂိတ်များမှတစ်ဆင့် တရုတ်အစိုးရ ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံ မံစီမြို့အထိ ဝင်ထွက်သွားလာနိုင်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

သို့သော် ဒေသခံများမှာ မှတ်ပုံတင်စာရင်း သွင်းပြီးနောက် MNDAA ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း ခံရမည်ကို စိုးရိမ်နေကြရသည်။
ထို့အပြင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် ယာဉ်လိုင်စင် နံပါတ်ပြားများသည် စစ်ကော်မရှင် ထိန်းချုပ်ရာ လားရှိုး၊ မူဆယ်နှင့် အခြားမြို့များတွင် အကျုံးမဝင်သဖြင့် အဆိုပါမြို့များသို့ သွားလာပါက ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောက်လန့်နေကြရသည်။
တရုတ်ဟန် ဝါးမျိုခံရသည့် သျှမ်းစော်ဘွားတည် သိန္နီမြို့
သိန္နီ ဆိုသည့် နာမည်သည် လွန်ခဲ့သည့် သျှမ်းစော်ဘွားများ အုပ်စိုးချိန်က သျှမ်းဘာသာဖြင့် “သႅၼ်ဝီ” အင်္ဂလိပ်ဘာသာဖြင့် “Hsenwi” ဟု ခေါ်ဆိုခဲ့ရာမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကာလတွင် မြန်မာမှုပြုခံရပြီး “သိန်းနီ” ဟူ၍လည်းကောင်း၊ လက်ရှိအချိန်တွင် “သိန္နီ” ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲလာခဲ့သည်။
သို့သော် “၁၀၂၇ စစ်ဆင်ရေး” အတွင်း MNDAA ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း “သိန္နီ”ဟု ခေါ်ဝေါ်ရာမှ “မူပန်” ဆိုသည့် တရုတ်အသုံးအနှုန်းကို ပြန်လည်သုံးစွဲလာသည်။
ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး”နောက်ပိုင်း ထိန်းချုပ်နယ်မြေများ ရရှိထားသည့် ကိုးကန့်တပ် (MNDAA) ၏ အုပ်ချုပ်ရေး ယန္တရားအောက်တွင် သိန္နီမြို့၏ မူလသျှမ်းယဉ်ကျေးမှုနှင့် ဒေသခံတို့၏ လူနေမှုဘဝများမှာ တရုတ်မှုပြုခြင်း (Sinonization သို့မဟုတ် Chinanization) ဖြစ်စဉ်နှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သတိပေး ပြောဆိုလာကြသည်။
“ဗမာမှုပြုခြင်းက ဗမာမဟုတ်သူတွေကို ဗမာဖြစ်အောင် လုပ်တာဆိုရင်၊ တရုတ်မှုပြုခြင်းက တရုတ်မဟုတ်သူတွေကို တရုတ်ဖြစ်အောင် သွတ်သွင်းတာပဲ ဖြစ်တယ်။ အခု သိန္နီမှာတော့ MNDAA က သျှမ်းလူမျိုးတွေကို တရုတ်ဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားနေတာပါ” ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။
သိန္နီမြို့ကို ကိုးကန့်တပ် (MNDAA) သိမ်းပိုက်အုပ်ချုပ်ပြီးနောက် ဆိုင်ခန်းဆိုင်းဘုတ်များကို တရုတ်စာဖြင့်သာ အဓိကထား ရေးသားရန် ညွှန်ကြားခြင်း၊ ရုံးသုံးဘာသာစကားအဖြစ် တရုတ်စကားကို သတ်မှတ်ခြင်းနှင့် ဒေသတွင်း စီးပွားရေးအရ တရုတ်ယွမ်ငွေကိုသာ အဓိကထား အသုံးပြုလာခြင်းတို့မှာ အထင်ရှားဆုံး လက္ခဏာများ ဖြစ်သည်။

ဆယ်စုနှစ်များစွာအတွင်း တိုင်းရင်းသားများမှာ ဗဟိုအစိုးရ၏ ဗမာမှုပြုခြင်း (Burmanization) ကို တွန်းလှန်ခဲ့ကြသော်လည်း ယခုအခါ သျှမ်းပြည်မြောက်ပိုင်း၌ တရုတ်မှုပြုခြင်း (Chinanization) ဟူသော ပုံစံသစ် တစ်မျိုးနှင့် ကြုံတွေ့လာရသည်။
သိန္နီဒေသတွင် အစဉ်အဆက် သြဇာလွှမ်းမိုးမှု ရှိခဲ့သော ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) နှင့် သျှမ်းပြည်သူများ အနေဖြင့် ဤအခြေအနေအပေါ် လက်ပိုက်ကြည့်မနေသင့်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။
ကိုးကန့်တပ် (MNDAA) ၏ လုပ်ရပ်များသည် လူမျိုးစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထိပါးရုံသာမက သျှမ်းပြည်၏ လူဦးရေဖွဲ့စည်းပုံကိုပါ ပြောင်းလဲနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ဆိုသည်။
“ဒါဟာ လက်ခံနိုင်စရာ မရှိတဲ့ ကိစ္စပါ။ သျှမ်းလူမျိုးတွေရဲ့ ရာစုနှစ်ချီ တည်ရှိလာတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ပျောက်ကွယ်မသွားဖို့အတွက် SSPP အပါအဝင် သျှမ်းအဖွဲ့အစည်းတွေ အားလုံးက အမြန်ဆုံး တစ်ခုခုလုပ်ဖို့ လိုအပ်နေပြီ” ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ပြောသည်။
သိန္နီမြို့တွင် တရုတ်နိုင်ငံသားများက ဒေသခံတို့၏ နေအိမ်နှင့် လယ်ယာမြေများအား နှစ်ရှည်စီမံကိန်းများဖြင့် ငှားရမ်းနေထိုင်သည်ဆိုသည့် ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး MNDAA ပြန်ကြာရေး တာဝန်ရှိသူများကို သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
MNDAA နှင့် SSPP တို့သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (FPNCC) တွင် အဖွဲ့ဝင်များ ဖြစ်ကြသော်လည်း လက်တွေ့မြေပြင်တွင် နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ မကြာခဏဆိုသလို နှစ်ဖက်တပ်ဖွဲ့အကြား ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်။
ဤပဋိပက္ခများသည် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ဖြစ်ပွားလာသော နယ်မြေအငြင်းပွားမှု တစ်ခုလည်း ဖြစ်သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဘက်ကမူ ကျဉ်းမြောင်းသော အမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်ကြောင်း ၂၀၂၄ ဇန်နဝါရီလ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
“၁၀၂၇ စစ်ဆင်ရေး”နှင့် တရုတ်စီမံကိန်းများ
သိန္နီမြို့၏ မြောက်ဘက် မိုင် ၇၀ အကွာတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာ မူဆယ်မြို့ရှိပြီး အရှေ့ဘက် မိုင် ၇၀ ကျော်အကွာတွင် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး ဂိတ်ရှိသည်။
သိန္နီမြို့သည် အဆိုပါကုန်သွယ်ရေးစခန်းများရှိသည့် မြို့များကို ဆက်သွယ်သွားလာရန် အချက်အခြာကျသည့် လမ်းဆုံမြို့ဖြစ်သလို တရုတ်နိုင်ငံက ဖော်ဆောင်လိုသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း BRI ဖြတ်သန်းရာ လမ်းကြောင်းပေါ်တွင် မဟာဗျူဟာမြောက် တည်ရှိနေသည်။
မန္တလေး-လာရှိုး-မူဆယ်လမ်းမကြီးသည် သျှမ်းမြောက်ဒေသ၏ တစ်ခုတည်းသော မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းမကြီး ဖြစ်ပြီး အဓိက မြို့များဖြစ်သော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် မူဆယ်မြို့များကို ဖြတ်သန်းသွားသည်။
“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိန်းချုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားခဲ့သည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကိုးကန့်သတင်းကွန်ရက်မှ ထုတ်ပြန်ခဲ့သည့် လောက်ကိုင်-ချင်းရွှေဟော် ဒုတိယအဆင့် လမ်းမကြီး (Secondary Road) တည်ဆောက်ရေး လုပ်ငန်းသည် MNDAA ထိန်းချုပ်ရာ ဒေသများတွင် တရုတ်စီမံကိန်းများ မည်မျှ ဆောက်လုပ်နေပြီ ဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။
ကီလိုမီတာ ၃၀ ရှည်လျားသော အဆိုပါလမ်းမကြီးသည် ဒေသဖွံ့ဖြိုးရေးအတွက်ဟု ဆိုသော်လည်း လက်တွေ့တွင် မြန်မာပြည် အရှေ့နယ်ခြားရှိ တရုတ်စီမံကိန်းများ၏ အရေးပါသော အစိတ်အပိုင်း တစ်ခုအဖြစ် နိုင်ငံရေးသုံးသပ်သူများက ရှုမြင်နေကြသည်။
မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် လင်ချန်း (Lincang) မီဒီယာသတင်းဌာနမှ သတင်းထောက် ယိုမုန့်ချူး၏ ပြောဆိုချက်အရ တရုတ်-မြန်မာ လမ်းကြောင်းသစ်၏ ဖွင့်ပွဲအခမ်းအနားကို မကြာခင် ကျင်းပပြုလုပ်တော့မည် ဖြစ်ပြီး အဆိုပါ လမ်းကြောင်းသစ်သည် ပင်လယ်ရေကြောင်း၊ ကုန်းလမ်းနှင့် ရထားလမ်း သုံးမျိုးစလုံးကို ချိတ်ဆက် အသုံးပြုထားသည့် ဘက်စုံသယ်ယူပို့ဆောင်ရေး စနစ်ဖြစ်သည်ဟု ဆိုသည်။



အိန္ဒိယသမုဒ္ဒရာ ပတ်ဝန်းကျင်နိုင်ငံများမှ ကုန်စည်များကို မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းအထိ သင်္ဘောဖြင့် ဦးစွာသယ်ယူပြီး၊ ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် မြန်မာပြည်တွင်း ကုန်းလမ်းခရီးဖြင့် တရုတ်-မြန်မာ နယ်စပ်ရှိ မန့်တိန်-ချင်းရွှေဟော် နယ်စပ်ဂိတ်သို့ ပို့ဆောင်မည် ဖြစ်သည်။
MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းရှိ လင်ချန်း ရထားဘူတာသို့ ပို့ဆောင်ကာ ထိုနေရာမှတစ်ဆင့် တရုတ်ပြည်မကြီးရှိ မြို့ကြီးများကို အထူးကုန်တင်ရထားတွဲများဖြင့် ဖြန့်ဖြူးပို့ဆောင်သွားမည် ဖြစ်ကြောင်း လင်ချန်း (Lincang) မီဒီယာသတင်းဌာန၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ လမ်းကြောင်းသစ်သည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ပေးသည့် “အနီးဆုံး ကုန်းတွင်းလမ်းကြောင်း” ဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသများနှင့် အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက် ချိတ်ဆက် ပေးနိုင်ခြင်းကြောင့် သယ်ယူ ပို့ဆောင်ရေး စရိတ်နှင့် အချိန်ကို များစွာ သက်သာစေမည် ဖြစ်ကြောင်း ဆိုထားသည်။
“၁၀၂၇ စစ်ဆင်ရေး”သည် ကျားဖြန့်နှိမ်နင်းရေးကို အကြောင်းပြခဲ့သော်လည်း ရေရှည် မဟာဗျူဟာအရ စောင့်ကြည့်လျှင် တရုတ်၏ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အတွက် အနှောင့်အယှက် ကင်းအောင် လမ်းကြောင်းတစ်ခု ဖန်တီးလိုက်ခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
အထူးသဖြင့် လင်ချန်း-ချင်းရွှေဟော်-ရန်ကုန် လမ်းကြောင်းပေါ်ရှိ အချက်အခြာကျသော သိန္နီနှင့် ကွမ်းလုံဒေသများကို တရုတ်အလိုကျ လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ညီနောင်မဟာမိတ်တပ်များက ထိန်းချုပ်လိုက်ခြင်းမှာ တိုက်ဆိုင်မှု မဟုတ်နိုင်ပေ။
အရပ်သားအစိုးရလက်ထက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး “၁၀၂၇ စစ်ဆင်ရေး” မစတင်မီ လပိုင်းအလို၌သာ ဆောက်လုပ်ပြီးစီးခဲ့သည့် ကွမ်းလုံတံတားသစ်ကြီးသည် ယခုအခါ MNDAA ၏ ထိန်းချုပ်မှုအောက်တွင် တရုတ်ကုန်စည်များ အလွယ်တကူ စီးဆင်းရာ အဓိက တံခါးပေါက် ဖြစ်နေသည်။
လောက်ကိုင်-ချင်းရွှေဟော် ဆက်သွယ်မည့် ဒုတိယအဆင့် လမ်းမကြီးကို အရှိန်အဟုန်ဖြင့် ဆောက်လုပ်နေခြင်းမှာလည်း တရုတ်ပြည်မကြီးမှ ကုန်စည်များကို ရန်ကုန်ဆိပ်ကမ်းအထိ အမြန်ဆုံး ပို့ဆောင်နိုင်ရန်အတွက်သာ ဖြစ်သည်။
ဤဖွံ့ဖြိုးရေးစီမံကိန်းများ၏ နောက်ကွယ်တွင် ဒေသခံတို့၏ မြေယာများ အတင်းအဓမ္မ သိမ်းခံရခြင်း၊ ယဉ်ကျေးမှုများ ဝါးမျိုခံရခြင်းနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာမှာ အပိုင်းပိုင်း ပြတ်တောက်သွားခြင်း စသည့် လက်တွေ့ဖြစ်ရပ်များ မျက်ဝါးထင်ထင် ဖြစ်လာခဲ့သည်။

သိန္နီမြို့၏ တရုတ်ဟန် ဝါးမျိုခံရသည့် ဖြစ်ရပ်သည် သျှမ်းပြည်မြောက်ပိုင်း အတွက်သာမက တစ်နိုင်ငံလုံးအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး”နောက်ကွယ်မှ တရုတ်စီးပွားရေး စီမံကိန်းများနှင့် ပထဝီနိုင်ငံရေး အပေးအယူများကြားတွင် သျှမ်းပြည်နှင့် သျှမ်းယဉ်ကျေးမှုများမှာ တဖြည်းဖြည်းနှင့် တရုတ်ဟန် တရုတ်အသွင်အပြင် လက်အောက်သို့ ရောက်ရှိသွားနေပြီ ဖြစ်သည်။
ထိုသတိပေးလောင်းခေါင်းသံကို အချိန်မီ သတိမပြုနိုင်လျှင် နောင်အနာဂတ်တွင် သိန္နီမြို့သည် မြန်မာ့မြေပုံပေါ်ရှိ သမိုင်းဝင် သိန္နီစော်ဘွား၏ မြို့တစ်မြို့ မဟုတ်တော့ဘဲ တရုတ်၏ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် လမ်းကြောင်းပေါ်က စင်္ကြံတစ်ခု အဖြစ်သာ ကျန်ရစ်တော့မည်ဟုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူများက မှတ်ချက်ပြုလိုက်သည်။
“သမိုင်းဝင် အမွေအနှစ် တစ်ခုကို ဖျက်ဆီးလိုက်တာမျိုး မဟုတ်ဘဲ တစ်မြို့လုံးကို တရုတ်အသွင်အပြင် လက္ခဏာအဖြစ် ဖုံးလွှမ်းလိုက်တာပဲ” ဟု စိုင်းလျန်းက ဝမ်းနည်းစွာဖြင့် ပြောလေသည်။












Leave a Comments