သို့
သျှမ်းသံတော်ဆင့်သတင်းဌာန
သိန္နီမြို့ရဲ့ ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေ ဒုက္ခတွေကြားထဲမှာ ရုန်းကန်နေရတဲ့ ဒေသခံပြည်သူတွေဆီ ဝန်ဆောင်ခအများအပြားကောက်ယူနေတဲ့အကြောင်းလေး ရင်ဖွင့်ချင်လို့ပါ။
ကျမတို့ သိန္နီမြို့သေးသေးလေးက “၁၀၂၇ စစ်ဆင်ရေး” ဆိုတဲ့တိုက်ပွဲဒဏ်ကြီးကလဲ ခံထားရတော့ စီးပွားရေးက အခုထက်ထိ ကောင်းကောင်းခေါင်းမထောင်နိုင်သေးပါဘူး။ အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို အလုပ်မဖြစ်တော့ ဝင်ငွေက ပုံမှန်မရတင်မကဘူး တချို့ရက်ဆို အရင်းတောင်ရောင်းမရတော့ ခက်ခဲတာပေါ့။
တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်းမှာဆို ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး သိန္နီမြို့မှာ အတော်လေးအခက်ခဲကြုံရတယ်။ ကျမတို့ စစ်ဘေးရှောင်ပြီး ကိုယ့်မြို့ ကိုယ့်အိမ်ကို ပြန်လာနေရတော့ စိတ်ပျော်ပေမယ့်လည်း လုပ်စားကိုင်စား ကိုယ်ထူကိုယ်ထ ပြန်လုပ်ရတာ မလွယ်လှပါဘူး။
ကျမတို့အိမ်မှာဆို သက်ကြီးရွယ်အို၊ ကလေးငယ်၊ မွေးကင်းစမိခင်တွေရှိနေတော့ ပိုဆိုးတာပေါ့။ ကျန်းမာရေးပိုင်းမှာ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာက ပြဿနာဖြစ်လာတယ်။ အခု သိန္နီပြည်သူ့ဆေးရုံကြီးမှာ ဆေးဖိုးဝါးခက အရမ်းကို အဆမတန်စျေးကြီးတယ်။
နည်းနည်းဖြစ်ပြီးဆေးရုံသွားပြရင် ဆရာဝန်၊ ဆရာမတွေက ဆေးရုံမှာပဲအတင်းအိပ်ခိုင်းတယ်။ ဆေးရုံမှာ အိပ်ပြီးကုရင် အိပ်ခ တစ်ညကို နှစ်သောင်းကျပ်ပေးရတယ်။ ကလေးမွေးရင် တပတ် ၇ ရက်ပဲကြာတာကို စားရိတ်က ၁၀ သိန်းကျော်အနည်းဆုံးကုန်တယ်။
ကျမရဲ့ အစ်မသိန္နီပြည်သူ့ဆေးရုံကြီးမှာ ကလေးသွားမွေးတာ နှစ်ပတ် ၁၅ ရက်နေလိုက်ရတယ်။ ဆေးဖိုးဝါးခ သိန်း ၃၀ ကျော်ကုန်သွားတယ်။ ဘာကြောင့်အဲ့လောက်ကုန်သွားလဲလို့ ပြန်စစ်ကြည့်တော့ သူတို့က ဆေးဖိုးကို အပြင်ကထက် ထက်ဝက်တောင်စျေးတင်ထားတာလေ။ အဲ့လောက်ကြီးတောင် ဆေးဖိုးတောင်းနေတော့ ပြည်သူ့ဆေးရုံလို့ နာမည်တပ်မနေနဲ့တော့လို့တောင် သွားပြီးအော်ပြောလိုက်ချင်တယ်။ အခုက ဆိုင်းဘုတ်မှာ ပြည်သူ့ဆေးရုံကြီးလို့ နာမည်တပ်ထားပြီး ဆေးဖိုးဝါးခတွေ အဆမတန်တောင်းနေတော့ မရှိဆင်းရဲသားတွေဆို မကုနိုင်တော့ဘူးလေ။
အခု ကျမတို့ သိန္နီမြို့ဒေသခံတွေဆို သိတဲ့လူတော်တော်များများက အဲ့ဆေးရုံမှာ သွားမကုရဲကြတော့ဘူး။ မတတ်နိုင်တဲ့အဆုံးမှပဲ သွားကုကြတော့တယ်။ တော်ရုံတန်ရုံဆို ဆေးခန်း နဲ့ အပြင်မှာပဲ ကိုယ့်ဟာကိုယ်ဆေးပဲဝယ်သောက်။ မပျောက်ရင် ရွာထဲက တိုင်းရင်းဆေးဆရာနဲ့ပဲကုကြတော့တယ်။
သူတို့ဆေးရုံသွားတက်ရင်လဲ ၂- ၃ ရက်ပဲကြာရင်တော့ တော်သေးတာပေါ့။ ခုဟာက လူနာက အနာရောဂါသက်သာ လာလို့ဆေးရုံတောင်းဆင်းတော့လဲ ဆရာဝန်၊ ဆရာမတွေက ပေးမဆင်းဘူး။ အော်လိုက် ဟစ်လိုက် ဟောက်လိုက် ငေါက်လိုက်နဲ့။ အဲ့ကဆရာဝန်၊ ဆရာမတွေနဲ့ ရန်ဖြစ်ပြီးတော့ ဆေးရုံဆင်းရတယ်။ အဲ့လိုလုပ်တော့ သူတို့က ဆေးမှတ်တမ်းတွေ ဘောင်ချာတွေ ဘာတစ်ခုမှ မပေးလာခဲ့ဘူး။ တကယ်ကို စိတ်ပျက်တယ်။
တကယ်တမ်း အဲ့ဆေးရုံမှာလဲ အာဏာရှင်ကို မကြိုက်လို့ စစ်ကော်မရှင်ကို ဆန့်ကျင်တဲ့ဆရာဝန်၊ ဆရာမတွေပါပဲ။ တကယ်မရှိမတတ်နိုင်တဲ့လူထုတွေကို ကြည့်ပေးသင့်တယ်။ ဝန်ထမ်းတွေအတွက် လစာလိုတယ်ဆိုပေမယ့် လူထုဆီကိုတော့ အဲ့လောက်ထိ အများကြီးမကောက်သင့်ဘူးလို့ပြောချင်ပါတယ်။
အခုက သိန္နီမြို့မှာ အလုပ်အကိုင်တကယ်အဆင်မပြေတဲ့ အောက်ခြေလူတန်းစားတွေက အများကြီးပါပဲ။ အရမ်းခက်ခဲကြပါတယ်။ ဆေးရုံကြီးမှာ ဒီလိုဆေးဖိုးဝါးခတွေ အဆမတန်ကောက်နေတော့ မတတ်နိုင်တဲ့ အောက်ခြေလူတန်းစားတွေက ဆေးရုံမှာသွားကုရမှာကို ကြောက်လန့်နေကြပြီ။ သွားရင် သူတို့က အတင်းပဲ ဆေးရုံအိပ်ပြီးကုခိုင်းနေတာဆိုတော့ အကုန်ကျများတယ်လေ။
ကျမတို့ဖြစ်စေချင်တာကတော့ ဒီကိစ္စကို တာဝန်ရှိတဲ့လူကြီးတွေ၊ သက်ဆိုင်ရာတွေကို ဖြေရှင်းပေးစေချင်ပါတယ်။ ဒီလိုတောင်းဆိုတာကလဲ အခက်ခဲမျိုးစုံ၊ ဒုက္ခပေါင်းစုံကြားထဲမှာနေရတဲ့ ကျမတို့ဒေသခံလူထုတွေအားလုံးအဆင်ပြေ စေဖို့ပါ။
ယုံကြည်လေးစားစွာဖြင့်
သိန္နီမြို့နယ်ဒေသခံ












Leave a Comments