မိုင်းငေါ့ စစ်ရှောင်ကိုယ်ဝန်သည်များ အစားအသောက်နှင့် ငွေကြေး ခက်ခဲနေ

0

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင် ကိုယ်ဝန်သည်များ အစားအသောက် နှင့်ငွေကြေး ခက်ခဲမှုရှိနေကြောင်း သတင်းရရှိသည်။

မိုင်းငေါ့တွင် စစ်ဘေးရှောင် (၂၀၀)ကျော်ရှိနေပြီး လက်ရှိတွင် ကိုယ်ဝန်သည် ၅ ဦး ရှိနေကြောင်း၊ အဆိုပါ ကိုယ်ဝန်သည်များအပါအဝင် မွေးပြီးစ ကလေးမိခင်များအတွက်ပါ အစားအသောက်များ ခက်ခဲမှုရှိနေ ကြောင်း သိရသည်။

“သူတို့တွေက အစားအသောက် ခက်ခဲတာပေါ့၊ စစ်ရှောင်စခန်းမှာ ကျွေးတဲ့ အစားအစာတွေ အားလုံးကို သူတို့ စားလို့ မရဘူးလေ၊ စောင်တွေ၊ အနှီးတွေလည်း မလုံလောက်ဘူး၊ နောက်တစ်ခုက ဆေးဝါးတွေ လည်း ခက်ခဲတယ်” ဟု မိုင်းငေါ့မြို့မှ ကျန်းမာရေးဆရာမ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ရှောင်ကိုယ်ဝန်သည်များသည် မိုင်းငေါ့စစ်ရှောင်စခန်းတွင် ရောက်ရှိခိုလှုံနေသည်မှာ (၃)လကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ အဆိုပါ ကိုယ်ဝန်သည်များ အရေးပေါ် ခွဲစိတ်ကုသရပါက ငွေကြေးခက်ခဲရကြောင်း ကျန်းမာရေးဆရာမက ပြောသည်။

အောက်တိုဘာ (၁၁)ရက် ယမန်နေ့ မွန်းလွဲ(၃)နာရီက မိုင်းငေါ့စစ်ရှောင်စခန်းမှ ကိုယ်ဝန်သည်တစ်ဦး လာရှိုးဆေးရုံသို့ သွားရောက်ကာ ခွဲစိတ်ကာ မီးဖွားခဲ့ရကြောင်း သိရသည်။

“သူက အမွာပူးကိုယ်ဝန်လွယ်ထားတော့ ခွဲစိတ်ပြီးမှ မွေးရမှာ၊ ဒီမှာလည်း မွေးမရဘူး၊ ကျောက်မဲမှာလည်း အဆင်မပြေဘူး၊ ကျောက်မဲက ပရဟိတအသင်းကို အကူအညီတောင်းပြီး လားရှိုးမှာ ခွဲမွေးရတာ၊ ခွဲပြီး မွေးရတော့ ပိုက်ဆံက ပိုကုန်တယ်၊ စစ်ရှောင်တွေဆိုတော့ သူတို့အတွက် ပိုက်ဆံခက်ခဲမှုရှိတယ်” ဟု ကျန်းမာရေးဆရာမ ကပြောသည်။

အမွာပူးခွဲစိတ်မွေးဖွားခဲ့ရသည့် စစ်ရှောင်ကိုယ်ဝန်သည်မှာ နန်းအေးမိုင်ဖြစ်ပြီး အမျိုးသားမှာ စိုင်းဇော်ထက်ဖြစ်ကြောင်း၊ ၎င်းတို့သည် ကျောက်မဲမြို့နယ် ခြုံးသစ်ကျေးရွာဒေသခံများဖြစ်ပြီး စစ်ရှောင်ထွက်ပြေးလာသည်မှာ (၃)လကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုင်းငေါ့စစ်ရှောင်စခန်းမှ ကိုယ်ဝန်သည် (၂)ဦးသည် စစ်ရှောင်စခန်းရှိ တဲအတွင်းတွင် မီးဖွားခဲ့ရကြောင်း၊ ယခု အောက်တိုဘာလအတွင်း ထိုစစ်ရှောင်များထဲမှ ကိုယ်ဝန်သည် (၂)ဦး မီးဖွားရန် ရှိနေသေးကြောင်း သိရှိရသည်။

Leave a Comments