Thursday, April 18, 2024

နမ္မတူတွင် ဓားပြ ပစ္စည်းလုယက်မှု ဖြစ်ပွား

Must read

သျှမ်းမြောက် နမ္မတူမြို့တွင် ဓားထောက် ဓားပြတိုက်မှု၊ ပစ္စည်းလုယက်မှု (၂)ရက်ဆက်တိုက် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ပုံစာ- နမ္မတူ မြို့ထဲ ပစ္စည်းလုတဲ့ လူငယ်ကို ဝိုင်းဖမ်းတဲ့ပုံ

ပြီးခဲ့သည့် အောက်တိုဘာလ (၅)ရက်နေ့ နမ္မတူ − လားရှိုးလမ်း နမ္မတူမြို့အထွက် (၆)မိုင်တွင် အမျိုးသမီး နှင့် ကလေးငယ်စီးလာသည့်ဆိုင်ကယ်အား လူတစ်စုမှ ဓားထောက်ကာ ဆိုင်ကယ် ယူဆောင်သွားခဲ့ပြီး၊ ယမန်နေ့ (အောက်တိုဘာ ၆)ရက် ညနေပိုင်းတွင်လည်း နမ္မတူမြို့တွင်းတွင် ဖုန်းလုယူထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

“နမ္မတူမြို့အထွက် (၆)မိုင်မှာ အမျိုးသမီးနဲ့ကလေး စီးလာတဲ့ ဆိုင်ကယ်ကို ဓားထောက်ပြီး ဆိုင်ကယ် ယူသွားခဲ့တာ၊ သူတို့ (ဓားပြ)တဲ့သူက (၃)ယောက်လို့တော့ ပြောတယ်၊ အတိအကျတော့ မသိရသေးဘူး၊ မနေ့က ညနေပိုင်းလည်း မြို့ထဲမှာ ဖုန်းလုပြေးသွားသေးတယ်” ဟု နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူတွင် ဓားထောက်လုယက်မှု၊ ဓါးပြတိုက်မှုများသည် ယခင်နှစ်များတွင်လည်း ဖြစ်ပွားလေ့ရှိသော်လည်း ယခုရက်ပိုင်းတွင် ပိုမိုများပြားလာခဲ့တာဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

ထိုပစ္စည်းလုယက်သူများသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်နေသည့် ဒေသခံ လူငယ်များသာ ဖြစ်ပြီး ယနေ့ (အောက်တိုဘာ ၇ ရက်)တွင် တရားခံတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဒီလိုဖြစ်နေတာက အဓိကမြင်မိတာတော့ မူးယစ်ဆေးဝါးကြောင့်ပါ၊ နောက်ပြီး ကိုဗစ်ကာလဆိုတော့ အလုပ်အကိုင်မရှိတာတွေလည်း ပါတာပေါ့၊ ဓားထောက်ပြီး ဆိုင်ကယ်ယူသွားတဲ့ သူတွေကလည်း ဒီဒေသက လူငယ်တွေပဲ၊ အသက် (၂၀)ဝန်းကျင်လောက်ပဲ ရှိတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

ဓားထောက်ကာ ဆိုင်ကယ်လုယူသွားသည့် လူငယ်တစ်ဦးအား ယနေ့ နေ့လည်ပိုင်းတွင် ဒေသခံတို့မှ ဝိုင်းဝန်းဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

နမ္မတူမြို့တွင် ယခုနှစ်အတွင်း ဓားထောက်ပစ္စည်းလုယက်မှု (၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နေအိမ်တွင်း ဝင်ရောက် ခိုးယူမှုများ ပိုမိုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့က သျှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်ကောင်းကျေးရွာတွင်လည်း အမျိုးသမီးတစ်ဦး ဓါးပြတိုက်ခံခဲ့ရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article