သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် “ဝ” တပ်ဖွဲ့ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ (တပ်ပေါင်းစု)များရောက်ရှိနေရာယူကြောင်း သတင်းများ ထွက်ပေါ်နေသည့် အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းသိရသည်။
လဲချားမြို့နယ် အတွင်းရှိ ပန်ဖွန်းကျေးရွာနှင့်အနီးတစ်ဝိုက်ရှိကျေးရွာများအနီးတွင် တပ်ပေါင်းစုအဖွဲ့ဟု ယူဆ ရသည့် စစ်ကြောင်း တစ်ခုသည် လာရောက်နေရာယူထားသည့်အတွက် ဒေသခံ ရွာသားများက စိုးရိမ်ထိတ် လန့်နေကြောင်း သတင်းသိရသည်။
“စစတုန်းက လဲချားကနေ မိုင်းနောင်သွားတဲ့ ရွာသားတစ်ယောက်က ပန်ဖွန်းရွာအနီးမှာ စစ်ကြောင်းတစ်ခု တွေ့လိုက်တယ်၊ SSPP ယူနီဖောင်းနဲ့ တချို့က TNLA ဝတ်စုံနဲ့ “ဝ” ဘာသာစကားသံလည်း ကြားနေတယ်၊ တပ်ပေါင်းစုတွေရောက်နေတယ်လို့ သူက ကျနော့်ကို လာပြောတယ်၊ ပြီးတော့ ပန်ဖွန်းရွာခံနဲ့ အနီးနားက ရွာတွေကလည်း ကြောက်နေကြတယ်၊ စစ်သားတွေက ရွာထဲအထိ ရောက်လာလို့တဲ့” ဟု ပန်ဖန်းရွာဒေသခံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။
တပ်ပေါင်းစုသည် စစ်ကားနှင့် VIGO ကားများ အပါအဝင် ကားအစီးရေ ၃၀ ခန့်ရှိနေကြောင်း၊ အင်အား အနေဖြင့် ၃၀၀ နီးပါးခန့်ရှိနေသည့်အကြောင်းနှင့် ၎င်းတို့အနက် SSPP/SSA ယူနီဖောင်းဝတ်စုံ နှင့် စစ်သားများက အများဆုံး ပါဝင်နေပြီး TNLA နှင့် UWSA တို့ ဝတ်စုံကလည်း ပါဝင်နေကြောင်းလည်း ဒေသခံများက ပြောသည်။
အဆိုပါ တပ်ပေါင်းစု ဟု ယူဆရသည့် စစ်ကြောင်းသည် ရွာနားရောက်ရှိလာသည့်အတွက် ဒေသခံများသည် လယ်ယာများကိုပင် သွားမကြည့်ရဲ သည့် အပြင် စားဝတ်နေရေးအတွက် အပြင်ထွက်ဖို့လည်း ကြောက်လန့် နေကြ ကြောင်းလည်း ပန်ဖွန်းရွာခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သတင်းကြားတာက သူတို့ရောက်နေတာက ၄ ရက်နီးနီးလောက်ရှိနေပြီ၊ စရောက်တဲ့နေ့နဲ့ သူတို့ ဘယ်လမ်း ကနေ လာတာတော့ မသိရဘူး၊ သူတို့ရောက်ကတည်း ပြည်သူတွေကလည်းကြောက်နေတာ၊ အခုဆို သီးနှံ စိုက်ပျိုး ရိတ်သိမ်းချိန် ဆိုပေမဲ့ ဘယ်သူမှ လယ်ယာမသွားရဲတော့ဘူး၊ ညဆိုလည်း ဘယ်သူမှ အပြင်မထွက်ရဲ တော့ တစ်ရွာလုံး တစ်လမ်းလုံးငြိမ်သက်နေတာ” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။
အထက်ပါ ကိစ္စနှင့် ပက်သက်ပြီး တပ်ပေါင်းစု အဖွဲ့ဝင် ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် မသိရှိရကြောင်းနှင့် တပ်ပေါင်းစုများ ရောက်လာသည့် ကိစ္စသည် လည်း အမှန်မဟုတ်ကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကျနော်တို့ တပ်ဖွဲ့အနေနဲ့ ဒီကိစ္စကို မကြားရသေးဘူး၊ တပ်ပေါင်းစုက ရောက်တယ်ဆိုတာတော့ သတင်းကြီး ပဲပေါ့၊ ဟုတ်ဟုတ်မဟုတ်ဟုတ် ဒီသတင်းလွှင့်လိုက်ပြီ ဆိုတာနဲ့ ဒေသခံတွေက ကြောက်မှာတော့ အမှန်ပဲ၊ ဒါ တွေကအမှန်မဟုတ်ပဲ သတင်းလွှင့်နေတယ်ဆိုရင်တော့ ပြည်သူတွေနဲ့ တပ်ပေါင်းစုကို ရန်တိုက်ပေးနေတယ်၊ အဓိကကတော့ ကျနော်တို့ SSPP/ SSA ကိုပေါ့၊ ကျနော်တို့ကို မလိုလားတဲ့အဖွဲ့ကနေ လုပ်ကြံသတင်းလုပ်ပြီး တော့ နိုင်ငံရေး အမြတ်ထုတ်နေတယ်လို့ပဲ ကျနော်မြင်တယ်” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့် ကို ပြောသည်။
ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် တပ်ပေါင်းစုများ ထွက်ခွာသွားပြီးနောက် မကြာမီ အာဏာသိမ်း စစ်ကောင်စီတို့၏ ယာဉ်တန်းများက ရောက်ရှိလာကြောင်းလည်း ဒေသခံများက ပြောသည်။
“ဒီနေ့တော့ တပ်ပေါင်းစုတွေကို မတွေ့ရတော့ဘူး၊ နေ့လည်ပိုင်း ၁၂ ဝန်းကျင်လောက်မှာတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းပဲ တွေ့ရတယ်၊ သူတို့ကလည်း ခနပဲလာပြီး မကြာဘူး ပင်လုံဖက် ပြန်တက်သွားတယ်” ဟု ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိတွင် လဲချားမြို့နှင့် ၄၅ ကီလိုမီတာကွာဝေးသော မိုင်းကိုင်မြို့နယ် အတွင်း၌ သျှမ်းတပ်နှစ်တပ်ဖြစ် သည့် SSPP/SSA နှင့် RCSS/SSA တို့က တိုက်ပွဲဖြစ်ပွားနေပြီး ယခုလို စစ်ကောင်စီ စစ်ကြောင်းလည်း တွေ့ရှိရသည့် အတွက် ဒေသခံများက စိုးရိမ်စိတ်များရှိနေကြောင်းလည်း သိရသည်။