သျှမ်းပြည် လဲချားမြို့ စိုက်ပျိုးရေး ရောင်းဝယ်သည့် မိသားစု နေအိမ်ကို အမည်မသိ လက်နက်ကိုင်အမျိုးသား၅ဦး က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၂ထောင်ခန့်ပါသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ ( အောက်တိုဘာလ ၃ ရက်) ညနေ ၄ နာရီဝန်းကျင် လဲချားမြို့ ရပ်ကွက် ( ၃ ) ရှိ စိုက်ပျိုးရေးပစ္စည်းများ ရောင်းဝယ်သည့် မိသားစုနေအိမ်ကို အမည်မသိ လက်နက်ကိုင် အမျိုးသား ၅ဦး က သေနတ်ဖြင့် ဝင်ရောက်ခြိမ်းခြောက်ပြီး ဓားပြတိုက်ကာ ကျပ်ငွေ နှင့် ရွှေ စုစုပေါင်း တန်းဖိုး နှစ်ထောင်ခန့် ပါသွားကြောင်း လဲချားမြို့ အသက်၃၅ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကားတစ်စီး နဲ့လာတာ။ယောကျ်ားလေး ၅ ယောက် လက်နက်တွေ အိမ်ထဲဝင်ပြီးဓားပြတိုက်သွားတယ်။ ငွေသား ကျပ်သိန်း ၁၃၀၀ ရယ် ရွှေရယ်၊ ဖုန်းရယ်ပါသွားတယ်။ မီးခံသေတ္တာတစ်လုံးလည်းပါသွားတယ်။ ထိခိုက်တာတော့ မရှိဘူး။”ဟု အသက် ၃၅ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုဓားပြတိုက်ခံရသည့် နေအိမ်သည် စိုင်းမောင်လ ၊ နန်းခိုင်တို့ နေအိမ်ဖြစ်ပြီး လဲချားမြို့မဈေးထဲတွင် စိုက်ပျိုးရေးပစ္စည်းများ ရောင်းဝယ်သည့် ဆိုင်ဖွင့်ထားသည်။
ပြီးခဲ့သည့် (ဇန်နဝါရီလ ၃ ရက်)တွင်လည်း လဲချားမြို့ ရပ်ကွက်(၁)မှ ဈေးအရှေ့ဘက်တွင် လာရောက်ဖွင့်လှစ် ထားသော “ခမ်းလီ”ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး ဆိုင်အတွင်းရှိ ရွှေ ၃ ကျပ်သားခန့်နှင့် ငွေသားများကို ဓားပြတိုက် လုယူသွားကြောင်း သိရသည်။
ထို့အပြင် ပင်လုံ – လဲချားလမ်းပိုင်းတွင် သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကာ လမ်းသွားလမ်းလာ ပြည်သူများ၏ ဆိုင်ကယ်များလည်း မကြာခဏ လုယက်ခံနေရကြောင်း ဒေသခံများက ပြောဆိုသည်။
လဲချားမြို့ နှင့် ၂၅မိုင်ခန့် ဝေးကွာသည့် မန်ပန်ပြည်သူ့စစ်ထိန်းချုပ်ထားသော မန်ပန်ကျေးရွာ အနီးတဝှိက် တွင် ကျားဖြန့် အွန်လိုင်း လုပ်ငန်း လုပ်ကိုင်းသူများ ရောက်ရှိနေကြောင်း သိရသည်။
လဲချားမြို့နယ် အတွင်း မန်ပန်ပြည်သူ့စစ်အပြင် စစ်ကောင်စီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ, သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားသည့် နယ်မြေလည်း ဖြစ်သည်။












Leave a Comments