မုံးကိုးမြို့နယ် စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်

0

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ရှိ လှုရင်ထန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော် MNDAA တို့သည် တနေ့ ထက်တနေ့ စစ်ရေး ပိုပြင်းထန်လာကြောင်း သတင်း ရရှိသည်။

ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၈ နာရီ အချိန်မှ စတင်ကာ ဖောင်ဆိုင်းကျေးရွာအနီးရ စစ်ကောင်စီ တပ် စခန်းကို ကိုးကန့်တပ်မတာ်က သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းနေရာမှ တစ်ဆင့် လူရင်တန်ကျေးရွာ ဖက်သို့ တိုက်ပွဲအရှိန် ကူးသွားကြောင်း သတင်းသိရသည်။

“တိုက်ပွဲက မနက် ၈ နာရီကတည်းက စဖြစ်တာ၊ ၁၀ နာရီထိ တိုက်ပွဲက ပြင်းထန်တယ်၊ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ အများကြီးပစ်တာ၊ ရွာပြင်မှာတိုက်ပွဲဖြစ်ပေမယ့် လက်နက်ကြီးနဲ့ ရမ်းပစ်တော့ တစ်ခါတစ်ခါ ရွာထဲလည်း ကျတယ်၊ ၁၂ နာရီလောက်မှ တိုက်ပွဲသံက ငြိမ်သွားတယ်” ဟု မုံးကိုးမြို့ ဒေသခံ လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲ အရှိန်ပြင်းထန်နေသည့် အပြင် အချိန်ကြာမြင့်စွာ တိုက်ခိုက်မှု ဖြစ်ပွားသည့် အတွက် အခြား ရွာ ဒေသများသို့ပါ တိုက်ပွဲကူးစက်လာမည်ကို စိုးရိမ်မှုကြောင့် အနီးအနားရှိ ရွာမှ ပြည်သူများတချို့ စစ်ဘေးထပ်မံ တိမ်းရှောင်လာရကြောင်းလည်း အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲက အကြာကြီး ဖြစ်တာ၊ နေ့တစ်ဝက်တောင် ကြာသွားတယ် ဆိုတော့ လူရင်တန်ကျေးရွာမှာ ရှိနေတဲ့ ရွာက ရွာသားတစ်ချို့လည်း မုံးကိုးမြို့ပေါ်ကို စစ်ဘေးရှောင် ထပ်ရောက်လာတယ် ကြားပါတယ်၊ တိုက်ပွဲက သူတို့ရွာထိ ဖြစ်လာမှာစိုးလို့ ကြောက်ကြတယ်တဲ့၊ အရေအတွက်တိတိကျကျတော့ မသိရသေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် သျှမ်းပြည် မြောက်ပိုင်းအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့ တပ်သားအင်အား တိုးချဲ့ မှုများ ပိုမိုပြုလုပ်လာသော်လည်း ကိုးကန့် တပ်မတော် (MNDAA) နှင့် KIA တပ်ဖွဲ့တို့၏ မကြာခဏ ကြားဖြတ် တိုက်ခိုက်မှုများ ခံရသည့် အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖက်မှ သေဆုံးသူ များပြား နေကြောင်းလည်း သတင်း သိရသည်။

Leave a Comments