Thursday, May 30, 2024

ကိုဗစ်နှင့် စစ်ဒဏ်ကြောင့် နာနတ်သီးစိုက်တောင်သူများ အခက်ခဲကြုံ

Must read

သျှမ်းမြောက် သီပေါမြို့နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နာနတ်သီးစိုက်ပျိုးသည့် ဒေသခံတောင်သူများ အခက်ခဲဖြစ်နေကြကြောင်း သိရသည်။

သီပေါမြို့နယ်ရှိ ဒေသခံများ၏ စိုက်ခင်းများမှ သီးနှံပေါ်ချိန်ဖြစ်သော်လည်း ကိုဗစ်ရောဂါပျံ့နှံ့မှု၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဝယ်ယူသူ အလွန်နည်းပါးပြီး နာနတ်သီးစိုက်သည့် တောင်သူများ အခက်ခဲ ကြုံနေကြတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အဓိကတော့ ကိုဗစ်ရောဂါကို ကြောက်တာ၊ တိုက်ပွဲတွေကြောင့် မသွားရဲတာ၊ အဲ့တော့ ထွက်တဲ့ သီးနှံတွေက ဈေးမရတဲ့အပြင် ပြန်ဝယ်ရတဲ့ မြေသြဇာတွေက ဈေးတွေ အရမ်းမြင့်သွားတယ်” ဟု သီပေါမြို့နယ်မှ နာနတ်သီးစိုက်ပျိုးသီး တောင်သူ စိုင်းကျွမ်ဖ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုနှစ်တွင် နာနတ်သီး အကြီးဆုံးအရွယ် တစ်လုံးလျှင် (၁၀၀)ခန့်သာ ရောင်းရကြောင်း၊ ယခင်နှစ်က နာနတ်သီးအသေးဆုံး၏ ဈေးနှုန်းနှင့် တူညီတဲ့အထိ ဈေးနှုန်းကျဆင်းသွားတာဖြစ်ကြောင်း သိရသည်။

ထို့အပြင် သယ်ယူပို့ဆောင်ရာမှာလည်း တန်ဆာခ ပိုမိုမြင့်တက်လာပြီး သယ်ယူပို့ဆောင်ပေးသည့် ကားသမား ရှားပါးသွားသည့်အတွက် အရှုံးပေါ်နေကြတာဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

“ခုက ပို့ပေးတဲ့ ကားသမားရှားသွားပြီ၊ ရှိရင်လည်း တန်ဆာခက အရမ်းမြင့်တယ်၊ မပို့ပြန်တော့လည်း ခြံထဲမှာ ပုပ်သိုးသွားမှာဆိုတော့ အရှုံးခံပြီး ပို့ရတယ်၊ ပို့တဲ့ အသီးတန်ဖို့က တန်ဆာခတောင် မရလို့ ထပ်စိုက်ရတာတွေလည်း ရှိတယ်” ဟု စိုင်းကျွမ်ဖ က ဆက်ပြောသည်။

သီပေါမြို့နယ် နောင်ကော်၊ နမ့်ယန်း၊ ကုန်းသာ၊ စဉ့်အင်၊ ပန်မွန်နှင့် အခြားကျေးရွာတချို့တွင် နာနတ်သီး စိုက်ပျိုးမှုများပြားပြီး အခြားသီးနှံများဖြစ်သည့် ပြောင်း၊ သံပုရာ၊ မက်မွန်၊ သရက်နှင့် ကဗ္ဗလာသီး တို့ကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။

သီပေါဒေသထွက် သီးနှံတချို့မှာ ရောင်းချသည့်ဈေးနှုန်း နည်းပါးသည့်အပြင် ဝယ်ယူသူ အလွန်နည်းပါးနေကြောင်း၊ ထို့အပြင် အခြားကျေးရွာသို့ သွားရောင်းရာမှာလည်း ထောက်ခံစာများ ဖြင့်သာ သွားလာရသည့်အတွက် ပိုမိုခက်ခဲနေတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“တောင်သူတွေက ရောင်းရတဲ့ဈေးနှုန်းနည်းတာထက် ဝယ်တဲ့သူ မရှိတော့ ပိုခက်တယ်၊ နောက်ပြီး တစ်ခြားရွာကို သွားရောင်းမယ်ဆိုလည်း ကိုဗစ်ကာလဆိုတော့ ကျန်းမာရေးထောက်ခံချက်၊ ရွာလူကြီးထောက်ခံချက်တွေပါမှ သွားလို့ရတာဆိုတော့ ပိုခက်ခဲသွားတာပေါ့” ဟု သီပေါဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်းစိမ်းကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် သြဂုတ်လက သျှမ်းတပ်(၂)တပ် တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း မလုပ်ရဘဲ စစ်ရှောင်ထွက်ပြေးနေရကာ အခက်ခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article