Friday, April 19, 2024

“ပုဆိုးတော့ ငါ့ပုဆိုးပဲ ပေနေတဲ့မစင်တော့ ငါ့မစင်မဟုတ်ဘူး”

Must read

အာဏာသိမ်းစစ်ကောင်စီအပါအဝင် သျှမ်းပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်ခဲ့ပြီဆိုရင် ဘယ်အဖွဲ့ကမှ မိမိလက်ချက်လို့ သတ္တိရှိရှိ ဝန်မခံတဲ့အပြင် တာဝန်ယူမှုတာဝန်ခံမှုလည်းလုံး၀ မရှိခဲ့ကြပါ။

လယ်ယာသွားတဲ့ရွာသားတွေ သေနတ်ပစ်သတ်ခံရတာ ၊ မိုင်းနင်းမိလို့ သေကြေဒဏ်ရာရ သွားတဲ့အပေါ် တာဝန်ယူဆေးကုပေးတာ၊ ဝန်ချတောင်းပန်တာ၊ ဝန်ခံတာလည်းတကြိမ်မှမရှိခဲ့ကြပါ။
အဆိုးဆုံးကတော့ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့ လူထုကိုချောင်းမြောင်းပစ်ခတ်တာပါပဲ။

ထိုပြသနာတွေဖြစ်လာရတာဟာ ခေတ်အဆက်ဆက် လက်နက်ကိုင်တပ်ဖွဲ့တွေ ၊ နိုင်ငံအစိုးရအဖွဲ့တွေဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းခဲ့တာကြောင့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့နဲ့တဖွဲ့ကြား၊ တိုင်းရင်းသားလူမျိုးစု တစုနဲ့တစုကြား ပဋိပက္ခတွေ ကြီးထွားရင်း ကြီးထွားလာတာကနေ့အထိတိုင်ပါပဲ။

သျှမ်းပြည်မှာ လက်နက်ကိုင်တဖွဲ့နဲ့တဖွဲ့ နယ်မြေစိုးမိုးရေး အားပြိုင်မှု ကနေ တဖွဲ့လာမယ့်လမ်းကိုတဖွဲ့က မိုင်းထောင်တာကြောင့် ပြည်သူတွေပိုင်ဆိုင်တဲ့ ကျွဲနွားတွေ သေတာ၊ လယ်ယာသွား တဲ့ လူထု သေတာတွေ လတိုင်းနီးပါးကြားနေရတဲ့သတင်းပါ။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့က ယာပိုင်ရှင် လုံးကြာက -“ ပဋိပက္ခနယ်မြေအတွင်း မိုင်းထောင်ပြီး လက်နက်ကိုင်တပ်တွေ ဆုတ်ခွါထွက်သွားတဲ့ချိန်မှာ မိုင်းကိုပြန်မသိမ်းသွားဘူး။ ရွာခံတွေက ယာသွားလယ်သွား နင်းမိတော့ ဒုက္ခတွေရောက်ကုန်တာပေါ့” လို့ပြောပါတယ်။

ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊နမ္မတူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်တာ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်မှုတွေ ဟာ ယနေ့ထိဖြစ်နေတဲ့အတွက် လူထုဟာ မျက်ရည်နဲ့မျက်ခွက်ဖြစ်ရပါတယ်။

ကျောက်မဲမြို့နယ်အတွင်း လူမှုကူညီရေးအဖွဲ့က အဖွဲ့ဝင်တဦး က-“ကျောက်မဲမြို့နယ်ထဲမှာ မိုင်းနင်းမိတဲ့သူ အရေအတွက်အတိအကျ တော့မသိရပါဘူး။ မနှစ်ကနဲ့စာရင် ကျနော်တို့ ဒီနှစ်က အရင်နှစ် ကလောက်သိပ်မများဘူးဗျ။ ဒီမိုင်းတွေ ဗုံးတွေက ဘယ်သူ ဘယ်အဖွဲ့က ထောင်ထားလဲတော့ မသိဘူး။ ထောင်ထားပြီး ပြန်မသိမ်းပေးတော့ လူ၊ ကျွဲ၊နွား နင်းမိတော့ သေကြတာပေါ့ ”- လို့ပြောပါ တယ်။

၂၀၁၇ခုနစ် မှ စတင်ကာ ကျောက်မဲ-နမ္မတူလမ်းကြောတလျောက် လယ်ယာခြံတွေသွားတဲ့လမ်းမှာ မိုင်းထောင်မှုကြောင့် ကျွဲနွားစားကျက်တွေ၊ ပြည်သူတွေ မိုင်းဒဏ်ကို အလူးအလိမ့်ခံစားနေရပါတယ်။

ထို မြေမြှုပ်မိုင်းတွေ ဗုံးတွေကိုထိမိ နင်းမိလို့ ရွာသားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိရင် ဘယ် လက်နက်ကိုင်တပ်ဖွဲ့ကမှ တာဝန်ယူဖြေရှင်းပေးတာမရှိခဲ့သလို ကျွဲနွားတွေမိုင်းနင်မိရင် တောင် နင်းမိရင်တောင်မှ ကျွဲနွားပိုင်ရှင်ဘက်က မိုင်းဖိုးပြန်လျော်ပေးရတဲ့အထိလည်းရှိကြောင်း မိုင်းငေါ့ရောက်စစ်ဘေးရှောင် တစ်ဦးက ဆိုပါတယ်။

“ ရွာသားတွေရဲ့ လယ်ယာခြံမြေ အနီးလည်းမရှောင် လူထုမှိုရှာ မျှစ်ရှာ ဟင်းရှာတဲ့ တောထဲတောင်ထဲလည်းမချန် နေရာတိုင်း မိုင်းထောင်၊ ကျွဲနွားသွားနင်းမိရင်ပိုင်ရှင်က လျော်ကြေးပြန်ရဖို့နေနေသာသာ သူတို့ဘက်က ဒဏ်ပြန်ခတ် လိုက်သေးတယ်” လို့မိုင်းငေါ့ရောက် စစ်ရှောင် တစ်ဦးက ပြောပြပါတယ်။

မိုင်းထောင်တဲ့ ဓလေ့ ဟာ ယနေ့ခေတ်မှာ မရှိသင့်တဲ့ ကိစ္စဖြစ်ပြီး လက်ရှိမှာ လက်နက်ကိုင်တွေဟာ ပြည်သူတွေ သွားလမ်းကို အဓိက မိုင်းထောင်နေတဲ့အပေါ် လွန်စွာဆိုးရွားတဲ့လုပ်ရပ်ဖြစ်ကြောင်းလည်း သျှမ်းမြောက် ပြည်သူတွေက ပြောဆိုလိုက်ပါတယ်။

ကျောက်မဲမြို့နယ်မှာဖြစ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုပဋိပက္ခဟာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကြား၊ TNLA – SSPP – RCSS တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား တိုက်ပွဲတွေဖြစ်ပါတယ်။

နယ်မြေစိုးမိုးရေး တိုက်ပွဲတွေကြောင့် မိမိတပ်စခန်းတွေအနီးတဝိုက်နဲ့ ရပ်ရွာလူထုအနီးအထိ မြေမြှုပ်မိုင်း တွေထောင်ထားမှုကြောင့် မိုင်းနင်းမိသေဆုံးသူတွေဟာ နေ့စဉ်ရှိနေသလို ခုလို ဒဏ်ခံ နေရသူတွေဟာ ကျေးလက်တောင်သူတွေသာဖြစ်နေပါတယ်။

“ကျနော်တို့ကျေးလက်တောင်သူတွေက မိုင်း ဘေးကင်းဝေးစေရေးနဲ့ပတ်သက်တဲ့ ဗဟုသုတ မရှိကြ ဘူးဗျ။ မိုင်းကင်းဝေးစေရေး ပညာပေးအဖွဲ့တွေကနေ လာပြီး ပညာပေးမျှဝေရင်တော့ကောင်းတာပေါ့ ဗျာ။ အဲ့ထက်ပိုကောင်းဖို့ဆိုရင်တော့ လက်နက်ကိုင်တွေအနေနဲ့ မိုင်းတွေ လာမထောင်ကြဖို့ပေါ့။ ထောင်ထားရင်လည်း မိုင်းတွေကိုပြန်သိမ်းသွားပေးဖို့ပါ။ မိုင်းတွေကြောင့် လူထုဒုက္ခရောက်လွန်းလို့ပါ” ကျောက်မဲမြို့နယ် ခင်းအုပ်စုက ရွာသားတဉီးကပြောပါတယ်။

စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာဆိုရင် ဒေသခံလူထုဟာ အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးစစ်ဆေးရိုက်နှက်တဲ့ဒဏ်ကိုခံရတဲ့အပြင် အမျိုးသား လွှတ်မြောက်ရေး အတွက်လုပ်နေပါတယ်ဆိုတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြပါတယ်။
နမ္မတူမြို့က အမည်မဖော်လိုသူ ကျည်စထိမှန်ခဲ့ဖူးတဲ့ အမျိုးသမီးတဉီးက -“ ကျမရဲ့ ကျည်စထိမှန်တဲ့ဒဏ်ရာက ခုထိမပျောက်သေးဘူး။ အသွားအလာလည်းကျမတို့ သတိထားသွားလာနေရတတယ်။ တိုက်ပွဲဖြစ်ရင်ပို ဂရုစိုက်ရတယ်။ ဘယ်ချိန် ကျည်ကြီး ကျမတို့နားလာကျမလဲ ။ဘယ်ချိန်မိုင်းနင်းမိမလဲဆိုတာပေါ့။ ကျမတို့ကိုကူနိုင် ကယ်နိုင်မယ့်သူ မရှိဘူးလေ ” လို့ ရင်နင့်စွာနဲ့ပြောပြပါတယ်။

သျှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး မြေမြုပ်မိုင်းဒဏ်ကို ခံနေရပေမယ့် လူမှုအခြေပြုအဖွဲ့အစည်း တချို့ ကျေးလက်တွေအထိဆင်းပြီး မိုင်းပညာပေး၊ စစ်ဘေးစစ်ဒဏ်နဲ့ပတ်သက်ပြီး ပညာပေးမှုတွေ လုပ်နေကြပေမယ့် နည်းပါးနေသေးတယ်လို့ နမ္မတူရောက်စစ်ရှောင်တွေက ပြောပါတယ်။

“လူထုဘက်ကရပ်တည် ပေးမယ့်သူ လူထုကို ကူညီပေးမယ့်သူ မရှိသေးသရွေ့တော့ ကျေးလက် လူထုအနေနဲ့လည်း မိမိကိုယ်ကို သတိထားပြီးတော့ သတင်းတွေ အမြဲနားစွင့် နေစေချင်ပါတယ်။ ရှောင်သင့်ရှားသင့်ရင် ရှောင်ထားဖို့ပေါ့။” နမ္မတူ စစ်ရှောင် နန်းခမ်း တစ်ဦးက ဆိုပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့ များအနေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ကို ထည့်သွင်းစဉ်းစားပြီး ထောင်ထားတဲ့ မိုင်းတွေကို ပြန်ရှင်းပေးရန် ပြည်သူတွေက တောင်းဆိုလိုက်ကြပါတယ်။

“မိုင်းတွေကိုပြန်ရှင်းပေးဖို့ကိစ္စလည်း ပြောသာပြောနေရတာပါ။ တချို့တပ်ဖွဲ့တွေ သူတို့ဘယ်မှာ ထောင် ထားလို့ ဘယ်လောက်တောင်ထောင်ထားလဲဆိုတာ မှတ်တောင်မှတ်မိကြတော့မှာ မဟုတ်ဘူး။ မိုင်းတွေကို ရွာတွေအနီးမှာ လယ်ယာခြံသွားတဲ့လမ်းတွေမှာ မထောင်ထားကြဖို့” နမ္မတူ စစ်ရှောင် နန်းခမ်း တစ်ဦးက ပြောဆိုလိုက်ပါတယ်။

မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရသွားတဲ့ သေဆုံးသွားတဲ့သူတွေဟာဆိုရင်အများအားဖြင့် အိမ်ထောင်ဉီးစီး တွေ၊ မိသားစုအတွက် အရေးပါတဲ့သူ၊ မိသားစုကိုရှာဖွေကျွေးမွေးနေတဲ့သူတွေဖြစ်နေကြတဲ့အတွက် လက်နက်ကိုင် တပ်ဖွဲ့ တွေက တာဝန်ယူပေးမှုမရှိကြပေ။

စစ်ရေးပဋိပက္ခတွေ တိုက်ပွဲတွေမှာ လူထုရပ်ရွာအနီးထောင်ထားတဲ့မိုင်းတွေရှင်းပေးရန် နှင့် မိုင်းမထောင် ရသေးတဲ့နေရာမှာလည်း မထောင်ဘဲရှောင်ရှားပေးရန် သီပေါမြို့နယ် TYN အဖွဲ့ဝင်လူငယ် ကအခုလို ပြောပါတယ်။

“မိုင်းထောင်တဲ့အဖွဲ့က သတ္တိရှိရှိနဲ့မိုင်းပြန်ရှင်းပေးစေချင်တယ်။ လူထုကို Mine Risk Education MRE များများပြောပေးဖို့လိုတယ်။ လူမှုအဖွဲ့အစည်းတွေက အစဉ်တောင်းဆိုနေသလို လက်နက်ကိုင်တပ်ဖွဲ့တွေကနေ လူထုရပ်ရွာအနီး လူထုလယ်ယာခြံအနီးတွေမှာ မိုင်းမထောင်ဖို့ ဆိုတဲ့အချက် အလေးအနက်ထားပြီး လိုက်နာပေးစေချင်ပါတယ်” လို့TYN အဖွဲ့ဝင် လူငယ် က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးရော အာဏာသိမ်းစစ်ကောင်စီကပါ နိုင်ငံတော်အတွက် လူထုအတွက်လုပ်နေပါတယ်လို့ ပြောဆိုနေကြပြီး လက်တွေ့မှာတော့ နယ်မြေစိုးမိုးရေး၊ အာဏာလုရေးအတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပြီး တိုက်ပွဲကြောင့်ထိခိုက်ဒဏ်ရာရ သေဆုံးနေတဲ့ စစ်ဒဏ်သင့်ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဘယ်အဖွဲ့ မှ ကာကွယ်ပေးခြင်းမရှိပါ။

အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က – “ပဋိပက္ခဖြစ်ပွါးတဲ့နေရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို အလေးထား ကာကွယ်ပေးဖို့၊ လူထုအနေနဲ့လည်း အသက်ဆုံးရှုံးမှုဘေးကနေကင်းဝေးအောင် ၊ ဒီထက်ပိုပြီးမဆုံးရှုံးရလေအောင် သတိထားနေထိုင်ပြီး အပြောအဆိုဆင်ခြင်တတ်ဖို့လိုပါတယ်။ ”- လို့ဆိုထားပါတယ်။

၂၀၁၇ ကနေ ၂၀၁၉ အထိ မြန်မာနိုင်ငံအတွင်း မိုင်ဒဏ်သင့်ပြည်သူလူထုကိုကြည့်မယ်ဆိုရင် သျှမ်းပြည်လူထုက ၂၆.၆ % နဲ့အများဆုံးပြီးဖြစ်ပြီး ကချင်ကတော့ ၂၆.၅% ၊ ကယားကတော့ ၂၀ % ရှိနေတယ်လို့ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီးသုတေသနပြုနေတဲ့ MIMU အဖွဲ့က ထုတ်ပြန်ထားပါတယ်။

တကယ်တော့ မြန်မာစစ်တပ်အပါအဝင် သျှမ်းပြည်တွင်းသွားလာလှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်ကျင့်ဝတ် ကို လိုက်နာကျင့်သုံးခြင်းမရှိခဲ့ကြပါ။

မြန်မာ့တပ်မတော်နဲ့အစိုးရအဆက်ဆက်က ၁၉၄၇ ပင်လုံစာချုပ်ကိုလျစ်လျူရှုပြီး တိုင်းရင်းသားပြည်သူလူထု အရေးကို ထည့်သွင်းစဉ်းစားပေးမှုမရှိတဲ့အပြင်အမျိုးသားရေးအတွက်လုပ်နေပါတယ်ဆိုတဲ့ သျှမ်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း နယ်မြေစိုးမိုးရေးအတွက်သာ လုပ်ဆောင်နေကြပါတယ်။

တအာင်း ပလောင်အဖွဲ့ကလည်း သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကျောက်မဲ၊ နမ္မတူ၊ ကွတ်ခိုင် ၇ မြို့နယ်ကို ကြားကာလပြည်သူ့လုံခြုံရေးနဲ့ကာကွယ်ရေးအဖွဲ့ တအာင်း(ပလောင်) အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ပါတယ်။

ဝမ့်ဟိုင်းအခြေစိုက် SSPP ကလည်း သျှမ်း/မြောက်တခွင် မိမိတို့ထိန်းချုပ်နယ်မြေထဲကို RCSS တွေ မဝင်လာဖို့ပြောပြီး ၊ ထိုင်းနယ်စပ် လွယ်တိုင်းလျန်းအခြေစိုက် RCSS ကလည်း မိမိဟာ သျှမ်းပြည်တပ်မတော်ဖြစ်လို့၊ သျှမ်းပြည်လူထုကမိမိတို့ကို ကြိုဆိုဖိတ်ခေါ်လို့ သျှမ်းပြည်တခွင်သွားလာလှုပ်ရှားနေထိုင်လို့တယ်ဆိုပြီး ထုတ်ပြန်ထား တာတွေ ကိုကြည့်လိုက်ရင် အဖွဲ့တိုင်းဟာ နယ်မြေစိုးမိုးရေးအတွက်သာ ဦးတည်လုပ်ဆောင် နေကြတာဖြစ်ပြီး လူထုအခက်အခဲရင်ဆိုင်လာရချိန်မှာတော့ တဖွဲ့မှ လူထုဘက်က ရပ်တည်ကာကွယ်ပေးတာ ကူညီစောင့်ရှောက်ပေးတာ မရှိခဲ့ပါဘူး။

ဒါတွေကိုကြည့်ခြင်းအားဖြင့် သျှမ်းပြည်ထဲကလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့လုပ်ရပ်ဟာ – “ပုဆိုးတော့ငါ့ပုဆိုးပဲ ပေနေတဲ့မစင်ကတော့ ငါမစင်မဟုတ်ဘူး” – ဆိုတဲ့ဖြစ်ရပ်မျိုးအထင်အရှားတွေ့နေရပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article