သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလ သည် ဝါတော် ဂူတွင်းတရားအားထုတ်ရာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ယနေ့ ဩဂုတ် ၂၆ ရက် နေ့လည် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် ကျိုင်းတုံမြို့တွင် ပျံလွန်တော်မူ သွားခဲ့ကြောင်း သိရသည်။
မိုင်းလင်းဆရာတော်ကို ယနေ့ (သြဂုတ် ၂၆)ရက် ညနေ (၅)နာရီ တွင် ကျိုင်းတုံမြို့ရှိ တိုင်းနေ သုဿာန်တွင် အန္တိမအဂ္ဂိ ဈာပနာ ကျင်းပပူဇော်သွားမည် ဖြစ်ကြောင်းသိရသည်။
“ ဟုတ်ပါတယ်။ ဒီနေ့ ၁၁ နာရီ ၅၀ မိနစ်အချိန်မှာ ပျံလွန်တော်မူသွားတယ်။ ကိုဗစ်ရောဂါကြောင့်ပဲဖြစ်တယ်လို့ တပ်ဆေးရုံကပြောတယ်။ ဆရာတော်ရဲ့ ဆွေမျိုးတွေကို ဖိတ်ပြီး လူစုံပြီးဆိုရင် သဂြိုလ်မယ်။ -” ဟု ဆရာတော်နောက်လိုက် တပည့် ဒကာတစ်ဦး ဦးစိုင်းယီတစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
မိုင်းလင်းဆရာတော်ကို ခမည်းတော် ဦးစိုင်းဝင်း နှင့် မယ်တော် ဒေါ်နန်းဝိုးတို့မှ သက္ကရာဇ် ၁၃၂၄ ခုနှစ် တော်သလင်းလဆန်း (၇)ရက် တွင် ကျိုင်းတုံမြို့ တွင် မွေးတော်မူခဲ့ပြီး မွေးချင် (၇) ယောက်ရှိသည့်အနက် ဆရာတော်သည် စတုတ္ထမြောက်သားဖြစ်သည်။
မိုင်းလင်းဆရာတော်သည် သက်တော် (၆၃) နှစ် ဝါတော် (၃၃) ဝါရှိပြီး ဆရာတော်သည် သက်တော် (၃၀) မှစတင်ပြီး သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ပုံလုံကျောင်းတွင် ရဟန်းအဖြစ်ခံယူခဲ့သည်။
ထိုမတိုင်ခင်တွင် မိုင်းလင်ဆရာတော်သည် ခရစ်ယာန်ဘာသာ နှင့် အစ္စလာမ် ဘာသာကို ကိုးကွယ်ယုံကြည်ခဲ့ပြီး ထိုနောက် ပယောဂ ဆရာ၊ ကုန်သည်သမား အနေဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သူတဦးဖြစ်သည်။
ဆရာတော်သည် အသက် (၂၈) တွင် မိုးကုတ် ဝိပသာန တွင် ရဟန်းအဖြစ်ခံယူခဲ့ပြီး လူလဲပြန်ဝတ်ပြီးနောက် သက်တော် (၃၀) ပြည့်ချိန်တွင် ယနေ့ထိတိုင်း ရဟန်းဘဝအဖြစ် ကျင်လည်ခဲ့သည်။
“ ဆရာတော်က ဗမာပြည်ဖက်က (၁၀) တန်းအောင်ခဲ့တယ်။ အဲနောက်ကုန်သည်ဘဝနဲ့ လုပ်ကိုင်စားသောက်ခဲ့တယ်။ သူကုန်သည်ဘဝ အသက် (၂၇) မှာ ကားမှောက်ခဲ့တယ်။ ကားမှောက်ပြီး သူအမေနဲ့ အဒေါ်က ကားနဲ့ဆုံးသွားလို့ဆိုပြီး ဗမာပြည်ဖက်မှာ ရဟန်းသွားလုပ်သေးတယ်။” ဟု ဆရာတော်နောက်လိုက် ဒကာ စိုင်းယီတစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုနောက် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ တာလေမြို့ မိုင်းလင်းဖက်တွင် သီတင်းသုံးခဲ့ရာမှ ဘာဝနာ တရားကို အားထုတ်ပြီး သာသနာ အကျိုးပြုခဲ့သောကြောင့် မိုင်းလင်းဆရာတော်အနေဖြင့် ကျော်ကြားခဲ့သည်။
မိုင်းလင်းဆရာတော်သည် နိဗ္ဗာန်ရောက်ကြောင်းကမ္မဌာန်း တရားတော်ကို အားထုတ်ခဲ့သော်ကြောင့် သျှမ်းပြည်တဝှမ်းရှိ ပြည်သူများအများစုက ယုံကြည်ကိုးကွယ်ခဲ့ကြောင်းသိရသည်။
“ ဆရာတော် ဒီလို ပျံလွန်တော်မူသွားတာ ကျမတို့ အရမ်းကို နှမြောတယ်။ ဝမ်းလည်း ဝမ်းနည်းမိတယ်။ ဆရာတော်ကိုလည်း အရမ်းယုံကြည်ကိုးကွယ်ခဲ့ပါတယ်” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးတဦးကပြောသည်။