သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလ သည် ဂူတွင်းတရားအားထုတ်ရာမှ ကျန်းမာရေးအခြေနေ စိုးရိမ်နေရသဖြင့် ကျိုင်းတုံတပ်ဆေးရုံတွင် ဆေးကုသခံနေကြောင်း စုံစမ်းသိရှိရသည်။

မိုင်းလင်းဆရာတော်သည် ချောင်းအရမ်းဆိုးပြီး အောက်ဆီဂျင်ကျနေရာ ဩဂုတ် (၂၄) ရက်ယမန်နေ့ ညနေပိုင်းက ဒကာ ဒကာမ များက ကျိုင်းတုံမြို့ တပ်တွင်းဆေးရုံသို့ ပင့်ဆောင်ကာ ဆေးကုသပေးနေကြောင်းသိရသည်။
“ ဆရာတော်က ဂူထဲမှာပဲ တရားအားထုတ်နေတယ်။ အခုက မိုးရာသီလေ။ ဂူတွင်းလည်းအေးတယ်။ ပြီးတော့ ဆရာတော်က အောက်ဆီဂျင်ကျလာတယ်။ အစတော့ ချောင်းအရမ်းဆိုးတယ်။ သွေးပါအန်လာတယ်။ အဲကြောင့် မနေ့က ဆေးရုံကိုတခါထဲခေါ်သွားတယ်” ဟု ဆရာတော်နောက်လိုက် တပည့်ဒကာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
မိုင်းလင်းဆရာတော်၏ ကျန်းမာရေး အခြေအနေသည် ကိုဗစ် -၁၉ ရောဂါလက္ခာဏာနှင့် တူညီနေသော်လည်း ကိုဗစ် -၁၉ ဖြစ်၊ မဖြစ် အတည်ပြုချက်မရသေးပေ။
ဆရာတော်အား ဝေယျာဝစ္စ ပြုလုပ်ပေးနေသည့် ဒကာများအားလည်း ကိုဗစ်- ၁၉ ပိုးစစ်ဆေးပေးရာတွင် ပိုးမတွေ့ရကြောင်း သိရသည်။

“ ဆရာတော်ကဖြစ်နေတာ ကိုဗစ် -၁၉ နဲ့တူတယ်။ ကျနော်တို့ထင်တာတော့ ကိုဗစ်ဖြစ်တယ်လို့ထင်တယ်။ ဒါမဲ့ ဆရာတော်က ဘယ်မှတော့ မကြွဘူး။ ဂူတွင်းမှာပဲနေတာ။ ဆရာတော်ရဲ့ ဒကာ တွေကို ကိုဗစ် စစ်တော့လည်းမရှိဘူး။ ဒါမဲ့ ကျိုင်းတုံမြို့ဖက်က စစ်ကောင်စီ ဗိုလ်ကြီးတွေတော့ မကြာခဏာလာကန်တော့လေ့ရှိတယ်။” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မိုင်းလင်းဆရာတော်ကို ကျိုင်းတုံမြို့ တပ်ဆေးရုံ၏ အရေးပေါ်ကုသမှုအခန်း ICU တွင် ထားရှိကုသပေးနေကြောင်းသိရသည်။
မိုင်းလင်းဆရာတော်သည် တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် (၁၇)မိုင် ဓမ္မဂမ္ဘီရသာသနာ့စွမ်ဟိန်းလှိုင်ဂူတော်ကြီးအတွင်းတရားအားထုတ်ခြင်း ဝါတွင်းကာလ တရားတော်များ ဟောကြားတော်မူခြင်းများဖြင့် သာသနာပြုနေရာမှာ (၁၅)လကျော် ကြာမြင့်နေပြီဖြစ်ကြောင်းလည်း သိရသည်။











Leave a Comments