သျှမ်းမြောက် မြို့နယ်များ ရုတ်တရက်သေဆုံးမှု နေ့စဉ်ရှိနေ

0

သျှမ်းမြောက် မြို့နယ်များတွင် နေ့စဉ် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ၊ ကိုဗစ်လက္ခဏာဖြင့် သေဆုံးသည့် သံသယလူနာများ နေ့စဉ်ရှိနေကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင်လည်း လာရှိုးမြို့ရှိ ဆေးခန်းတစ်ခုတွင် ဆေးခန်းပြရန် ထိုင်စောင့်နေသည့် အမျိုးသားတစ်ဦး ထိုင်လျက်သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး “ဒီလို သေဆုံးမှုတွေက မကြာခဏကို ကြားနေရတယ်၊ တချို့က နေအိမ်မှာပဲ ရုတ်တရက် သေဆုံးသွားတာတွေလည်း ရှိတယ်။ ကိုဗစ်ရောဂါ ရှိ၊ မရှိ မစစ်ဆေးရသေးပဲ သေဆုံးသွားကြတာ။ အဲလို သေဆုံးသွားတဲ့သူတွေ ဘယ်လောက်ထိတောင် ရှိနေပြီလဲဆိုတာတော့ မပြောနိုင်ဘူး။ နေ့တိုင်းနီးပါးတော့ ကြားနေရတာပဲ” ဟု လားရှိုးဒေသခံ ပရဟိတ ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

လားရှိုးမြို့ရှိ ကြာကန်သုဿန်တွင် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ ကိုဗစ် − ၁၉ ရောဂါဖြင့် သေဆုံးလူနာ (၁၀၈)ဦး၊ သံသယဖြင့်သေဆုံးသည့် လူနာ (၅၅)ဦးကို သင်္ဂြိုလ်ပေးရကြောင်း Lashio News Agency မှ ဖော်ပြထားသည်။

ကျောက်မဲနှင့် သီပေါမြို့နယ်များတွင်လည်း အလားတူ ဖြစ်ရပ်မျိုးဖြင့် သေဆုံးသွားသည့်လူနာများ ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီရက်ပိုင်းကပဲ ဆွေမျိုးထဲက တစ်ယောက်ဆိုရင် နေမကောင်းဖြစ်တယ်ဆိုပြီး မကြာဘူး ဆုံးသွားတယ်။ သံသယလက္ခဏာနဲ့ ဆုံးသွားတာဆိုတော့ ကျန်နေတဲ့ သူ့မိသားစုဝင်တွေကို စစ်ကြည့်လိုက်တာ တစ်ယောက်မှာ ကိုဗစ်ပိုး တွေ့တယ်လေ။ ရပ်ကွက်ထဲက တချို့အိမ်မှာလည်း အဲလို ရုတ်တရက် သေဆုံးသွားတဲ့သူတွေရှိတယ်” ဟု သီပေါမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သံသယလက္ခဏာဖြင့် သေဆုံးနေသည့် လူနာများသည် မြို့ပေါ်တွင်သာမက တချို့ကျေးရွာများတွင်လည်း ဖြစ်နေတာရှိကြောင်း ကျောက်မဲမှ ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။

“သံသယလက္ခဏာနဲ့ သေဆုံးတာတွေက မြို့ပေါ်ဆို ပိုများတယ်၊ နေ့တိုင်းနီးပါးရှိတယ်။ ဒီနောက်ပိုင်း ကျေးရွာတွေဘက်မှာလည်း ရုတ်တရက်သေဆုံးတာတွေ၊ သံသယလက္ခဏာနဲ့ သေဆုံးတာတွေ ရှိလာပြီ။ အဲ့တော့ ဘယ်မှာပဲနေနေ Mask တပ်၊ မကြာခဏ လက်ဆေးဖို့၊ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်နေဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။

သျှမ်းမြောက်ရှိ မြို့နယ်တချို့မှ ကျေးရွာများတွင် ကျေးရွာအစီအစဉ်ဖြင့် ရွာဝင်ထွက်လမ်း ပိတ်ထားခြင်း၊ ဝင်ထွက်မှုစစ်ဆေးခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

ယနေ့မနက်ပိုင်းထိ သျှမ်းပြည်တွင် ကိုဗစ် − ၁၉ ရောဂါကြောင့် သေဆုံးသူ (၂၀၀)နီးပါး ရှိနေပြီး ကူးစက်ခံရသူ (၈၀၀၀)ကျော် ရှိနေကြောင်း သိရသည်။

Leave a Comments