သျှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား

စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးပိတ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိန်းချုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားခဲ့သည်။

အဆိုပါစစ်ဆင်ရေးကြောင့် နှစ်နှစ်နီးပါး ပိတ်ထားခဲ့သည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း လိုင်းကားပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

“မန္တလေးကနေ နောင်ချို၊ ကျောက်မဲ၊ လားရှိုးအထိ သွားလာလို့ရပြီဆိုပေမယ့် အများစုသွားလာလို့ ရတာက လူတင်ကားတွေ လောက်ပဲ။ ပစ္စည်းတွေ အများကြီးတင်တဲ့ကားတွေ၊ ကုန်တင်ကားတွေကတော့ သွားလာလို့ မရသေးဘူး။ အခုသွားလာလို့ရတဲ့ လူတင်ကားတွေလည်း မလွယ်ဘူး၊ ကုန်ကျစရိတ်များတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ကျောက်မဲ-သီပေါအကြားရှိ ကျင်တီတံတားနှင့် နောင်ချို-ကျောက်မဲအကြားရှိ ဂုတ်တွင်းတံတားကို ယာယီပြန်လည်တည်ဆောက်ထားသောကြောင့် ကုန်တင်ကားကြီးများ သွားလာလို့ မရသေးကြောင်း ၎င်းက ပြောသည်။

ယခင်က မန္တလေး-လားရှိုးလမ်းပိုင်းကို ၄ နာရီကျော်ကြာ မောင်းနှင်ရသော်လည်း ယခုလမ်းမပေါ်တွင် ဂိတ်ပေါင်း ၂၀ ခုထက်မနည်းရှိပြီး ရပ်တန့်စစ်ဆေးခံနေရသည့်အတွက် မန္တလေး-လာရှိုးခရီးကို ၁၀ နာရီခန့်ကြာ မောင်းနှင်ရကြောင်း ဆိုသည်။

၁၀၅မိုင် နယ်စပ်ကုန်သွယ်ရေး

မူဆယ်မြို့ ကုန်သည်တစ်ဦးက “အခုလမ်းပြန်ဖွင့်တော့ လမ်းခရီးက နည်းနည်းသက်သာသွားတယ်။ တောင်ကြီးဘက်ကို ပတ်သွားရရင် တစ်ညအိပ်ရပေမယ့် အခုလမ်းက တစ်ရက်ပဲကြာတယ်။ ပြီးတော့ ကားခလည်း နည်းနည်းကျလာတယ်” ဟု ပြောသည်။

မန္တလေး-မူဆယ်ကားခသည် ကားအမျိုးအစားအပေါ် မူတည်ပြီး လိုင်းကားမှာ ယခင် ၂၀၀,၀၀၀ (နှစ်သိန်း)ကျပ်မှ ယခု ၁၅၀,၀၀၀ (တစ်သိန်းခွဲ)ကျပ်အထိ လျော့လာသလို ခရီးသည်ကိုသီးသန့်တင်သည့် Crow ကားနှင့် Mark 2 ကားတို့မှာ ယခင် ၅၀၀,၀၀၀ (ငါးသိန်း)ကျပ်မှ ယခု ၄၅၀,၀၀၀ (လေးသိန်းခွဲ)အထိ လျော့လာကြောင်း ၎င်းက ပြောသည်။

သို့သော် တရုတ်ဘက်မှ ကုန်စည်များကို သယ်ဆောင်ရာတွင် ကုန်သည်များသည် အခွန် နှစ်ထပ် (သို့မဟုတ်) သုံးထပ် ပေးဆောင်ရကြောင်း ကုန်သည်များက ပြောသည်။

“တရုတ်ဘက်က ကုန်စည်တွေကို မန္တလေးကိုပို့ဖို့အတွကတော့ နည်းနည်းခက်တယ်။ အခုတရုတ်ဘက်က ကုန်စည်တွေကို တရားမဝင်ကုန်စည်၊ အခွန်မဆောင်ထားတဲ့ ကုန်စည်တွေဖြစ်တယ်ဆိုပြီး လမ်းမှာတွေ့ရင် ဖမ်းတယ်။ အခုပစ္စည်းတွေကိုတင်ရင် ငွေခင်းပြီးမှသွားလို့ရတာ” ဟု မူဆယ်မြို့ ကုန်သည်က ဆက်ပြောသည်။

ထိုအခကြေးငွေများသည် ခရီးစဉ်တစ်ခုလျှင် ကျပ် ၂ သိန်းမှ ၇ သိန်းအထိရှိပြီး ယာဉ်မောင်များသည် ငွေကြေးအများအပြား ဆောင်ထားရကြောင်း ဆိုသည်။

တရုတ်၏အကူအညီဖြင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ ကျောက်မဲနှင့် နောင်ချိုကို စစ်ကော်မရှင် တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် ယခင်လိုပြန်လည်ဖွင့်လှစ် လာနိုင်ခြင်းရှိ၊ မရှိအပေါ် နယ်စပ်ကုန်သည်များက စောင့်ကြည့်နေကြသည်။

စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ထားသော လားရှိုးမြို့သည် စီးပွားရေးနှင့် ကုန်သွယ်ရေးအချက်ချကျသည့် နေရာဖြစ်သည်။ မန္တလေးမှ တရုတ်-မြန်မာနယ်စပ်ရှိ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ်နှင့် ချင်းရွေဟော်သို့ သွားရာတွင် လားရှိုးမြို့သည် ကုန်သွယ်ရေးလမ်းကြောင်းဆုံချက်နေရာတွင် တည်ရှိသည်။

“အခုကျနော်တို့ ကြားထားတာတော့ မန္တလေး-မူဆယ်လမ်းပိုင်းကို ဖြည်းဖြည်းချင်း လုပ်သွားမယ်လို့ ကြားတယ်။ အဓိက လားရှိုးမြို့ကို ရထားပြီဆိုတော့ မန္တလေး-လားရှိုး-ချင်းရွေဟော်လမ်းပိုင်းကို အရင်ဖွင့်မယ်လို့ ကြားထားတယ်။ ကိုးကန့်တပ် MNDAA နဲ့ ညှိနှိုင်းပြီး သိန္နီမြို့ ဖြတ်ပြီးတော့ ချင်းရွေဟော်ကနေတစ်ဆင့် တင်ပို့မှာ” ဟု မူဆယ်မြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးကလည်း ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ နယ်စပ်ဂိတ်များအနက် မူဆယ်မြို့ပေါ်ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ် တို့ကို စစ်ကော်မရှင်တပ် ထိန်းချုပ်ထားသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ကျင်စန့်ကျော့ဂိတ်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးပေါင်းထိန်းချုပ်ထားပြီး ချင်းရွေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) တို့ကို ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ထားသည်။

နှစ်စဉ်ဒေါ်လာဘီလီယံနှင့်ချီ ဝင်သော နယ်စပ်ဂိတ်များ ပြန်ပေးရေးအတွက် EAO များကို ဖိအားပေးရန် စစ်ကော်မရှင်က တရုတ်ကို အကြိမ်ကြိမ် တွန်းအားပေးသော်လည်း အဆိုပါတောင်းဆိုမှုများ လုံးဝ မအောင်မြင်ခဲ့ပေ။

ထိုတင်မက ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသော ချင်းရွေဟော်နှင့် ရန်လုံကျိုင်းဂိတ်နှင့် ဝတပ် (UWSA) ထိန်းချုပ်ထားသော နမ့်တစ်ဂိတ်ကို ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့သည်။ ထိုဂိတ် ၃ ခုကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယစပြီးနောက်ပိုင်း တရုတ်ဘက်က ပိတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသော မူဆယ် ၁၀၅ မိုင်ကုန်ရေးဇုန်ရှိ ကျင်စန့်ကျော့ဂိတ် ကိုလည်း တိတ်တဆိတ် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ထိုအချက်ကို အသုံးပြုပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ မူဆယ် ၁၀၅ မိုင်တွင် ဖြတ်သန်းသည့် ကားများနှင့် ကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် အခွန်ကောက်ခံခဲ့ရသည်။

တစ်ဖက်တွင်လည်း စစ်ကော်မရှင် ထိန်းချုပ်ထားသော မူဆယ်မြို့ပေါ်ရှိ နယ်စပ်ဂိတ်များတွင် တပိုင်တနိုင်ပစ္စည်းများ ဝင်ထွက်ခွင့်ပြုထားသည်။

မူဆယ်မြို့သည် မြန်မာ့ကုန်သွယ်ရေးတွင် အရေးပါသော နယ်စပ်ဂိတ်တည်ရှိရာမြိုဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၉၂၄ ဘီလီယံရှိပြီး ပို့ကုန်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလီယံ၊ သွင်းကုန်တင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလီယံရှိကြောင်း စစ်ကော်မရှင်၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစားရင်းများအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...