သျှမ်းမြောက်တွင် ရုတ်တရက်သေဆုံးသူ ယခင်ကထက် များပြားလာ

0

သျှမ်းမြောက်ရှိ မြို့နယ်တချို့တွင် ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးမှုတနေ့ထက် တနေ့ပိုများလာကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း မြို့နယ်တချို့တွင် အောက်ဆီဂျင်ပြတ်လပ်ခြင်း၊ ရောဂါအခံရှိထားခြင်း၊ ဆေးကုသပေးမှု အားနည်းခြင်း၊ ဆေးရုံဆေးကုခန်းသို့ သွားရောက်ပြသ စစ်ဆေးခြင်း မပြုလုပ်ပဲ သေဆုံးသွားရသူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း သိရသည်။

“ကိုဗစ် ကာလ မဟုတ်တဲ့အချိန်က သေဆုံးတာထက် ခုနောက်ပိုင်း ကိုဗစ်တတိယလှိုင်းကာလအတွင်း သေဆုံးပြီး နာရေးပို့ဆောင်ပေးရတာက ပိုများလာတယ်။ သေဆုံးတဲ့သူတွေထဲမှာ တစ်ချို့က ကိုဗစ်လက္ခဏာတွေနဲ့ သေဆုံးသွာကြတာပါ။ တစ်ချို့အိမ်တွေမှာဆိုရင် ဖခင်ဆုံးပြီး မကြာဘူး မိသားစုဝင်နောက်ထပ် ဆုံးပါးသွားတာတွေ၊ ကိုဗစ်ရောဂါပိုး တွေ့ရှိရတာတွေ ဖြစ်နေတယ်။” ဟု ကျောက်မဲမြို့မှ ပရဟိတဆောင်ရွက်နေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရုတ်တရက် သေဆုံးသူများသည် ကိုဗစ်ရောဂါကြောင့် သေဆုံးနေသည်ဟု အတည်မပြုနိုင်သော်လည်း ကိုဗစ်လက္ခဏာဖြင့် သေဆုံးနေကြသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ဆင်ခြင်ပြီး နေထိုင်ကြဖို့ လိုအပ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးလိုပါကလည်း ၎င်းတို့ အနေဖြင့် ကူညီဆွေးနွေးတိုင်ပင်လို့ရကြောင်း သိရသည်။

ကိုဗစ်နှင့် ပတ်သက်ပြီး သံသယ ဖြစ်သည့်သူများ၊ အနံ့ပျောက်သူများ၊ သံသယလူနာများ၊ ကိုဗစ်အတည်ပြုလူနာနှင့် ထိတွေ့မှုရှိထားသူများအနေနဲ့ ဆေးစစ်ချင်ပါက ဆေးရုံအရေးပေါ်ဌာနတွင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ မနက် (၉)နာရီမှ (၁၁)နာရီအထိ စစ်ဆေးပေးမည်ဖြစ်ကြောင်း ကျောက်မဲမြို့ ပရဟိတ ဆောင်ရွက်နေသူများက ပြောသည်။

ရုတ်တရက်သေဆုံးသူများထဲတွင် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသည့် လူငယ်များလည်း သေဆုံးနေတာတွေ ရှိကြောင်း သိရသည်။

“ရပ်ကွက်ထဲမှာဆို ပြီးခဲ့တဲ့အပတ်ကပဲ ရုတ်တရက်သေဆုံးသွားတဲ့သူ ရှိတယ်။ ဆွေမျိုးအိမ်ကို ခဏ လာတာ။ ပြီးတော့ ရုတ်တရက်ပဲ သေဆုံးသွားတယ်။ အသက်က သိပ်မကြီးသေးဘူး၊ ဒါပေမယ့် ရောဂါအခံရှိတယ်လို့တော့ ပြောတယ်။ အဲလို ရုတ်တရက်သေဆုံးတာတွေက မကြာခဏကို ကြားနေရတာ” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

အလားတူ သျှမ်းမြောက်ရှိ တစ်ခြားမြို့နယ်များတွင်လည်း ရုတ်တရက် သေဆုံးသူများ ပိုမိုများပြားလာပြီး သံသယလက္ခဏာဖြစ်နေပေမယ့် လာရောက်စစ်ဆေး ကုသမှုခံယူခြင်းအားနည်းနေကြောင်း သိရသည်။

“တချို့က နေမကောင်းဖြစ်တာကြာနေပြီ၊ အောက်ဆီဂျင်လည်းကျနေပြီ၊ အခြေနေအရမ်းဆိုးနေပြီဆိုမှ ရောက်လာကြတာ။ တချို့ဆို မိသားစုဝင်ထဲက တစ်စုံတစ်ယောက်က သေဆုံးသွားပြီ။ ကျန်တဲ့ မိသားစုကလည်း နေမကောင်းဖြစ်နေတာတွေ ဖြစ်နေပေမယ့် လာမစစ်ကြဘူး။ အဲ့တော့ ပိုးက ပိုပြီး ပျံ့သွားတယ်။ ထိတွေ့တဲ့သူ ပိုများသွားတာပေါ့” ဟု သီပေါမှ ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးမှု အားနည်းနေသည်ဆိုသော်လည်း ပြည်သူများအနေဖြင့် နေအိမ်အတွင်း မိမိသဘောအတိုင်း ကုသနေခြင်းများအား မပြုလုပ်သင့်ဘဲ သက်ဆိုင်ရာတို့ဖြင့် ပူးပေါင်း လုပ်ဆောင်သင့်ကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။

သျှမ်းပြည်တွင် ဇူလိုင် (၁၉) ယနေ့မနက်အစောပိုင်းထိ ကိုဗစ် − ၁၉ ကူးစက်ခံရသူ (၆၀၀၀)ကျော် ရှိပြီး သေဆုံးသူ (၁၂၀)ကျော် ရှိနေကြောင်း စုံစမ်းသိရသည်။

Leave a Comments