Saturday, July 13, 2024

မိုင်းငေါ့မြို့ ကိုဗစ်လူနာ (၂)ဦးတွေ့ စစ်ရှောင်များ နေမကောင်းမှုဖြစ်နေ

Must read

သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာ (၂)ဦး စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာမှာ အမျိုးသမီး(၁)ဦး အမျိုးသား (၁)ဦးဖြစ်ပြီး ဇူလိုင် (၁၀)ရက်နေ့က အနံ့မရသဖြင့် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး RTD Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

“ကျောက်မဲမှာ စာသွားသင်တဲ့ ကျောင်းဆရာမ လင်မယားလို့ ပြောတယ်၊ ဘယ်ကျောင်းသင်လဲတော့ သေချာမသိဘူး၊ ပြီးခဲ့တဲ့ လကုန်က ကျောက်မဲကနေ မိုင်းငေါ့ကို ပြန်လာတာ၊ ဒီရောက်ပြီး နေမကောင်းဖြစ်တာတဲ့၊ နောက်တော့ အနံ့မရတော့လို့ စစ်ကြည့်လိုက်တာ ကိုဗစ်ပိုးတွေ့တာပဲ” ဟု မိုင်းငေါ့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုတွေ့ရှိသည့် ကိုဗစ်အတည်ပြုလူနာ (၂)ဦးသည် ကိုဗစ်တတိယလှိုင်းအတွင်း မိုင်းငေါ့မြို့တွင် စတင်တွေ့ရှိသည့် လူနာဖြစ်ပြီး၊ ထို မိုင်းငေါ့မြို့တွင် စစ်ဘေးရှောင် (၁၀၀၀)ခန့် ရှိနေကာ တချို့စစ်ရှောင်စခန်းနေရာတွင် ဖျားနာသည့်လူနာများလည်း ရှိနေကြောင်း မိုင်းငေါ့မြို့ စစ်ဘေးရှောင်ပြည်သူများကို ကူညီနေသူ တစ်ဦးက ပြောသည်။

“ မိုင်းငေါ့မြို့မှာ စစ်ရှောင်တွေ (၁၀၀၀) နီးပါးရှိတယ်၊ နေရပ်ကို မပြန်ရသေးဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းငေါ့မှာ ကိုဗစ်လူနာ (၂) ယောက်တွေ့တယ် ဆိုတော့ စစ်ရှောင်တွေအတွက် စိတ်ပူရတယ်၊ တစ်ချို့စစ်ရှောင်စခန်းမှာက နေမကောင်းတဲ့သူတွေရှိနေတယ်ဆိုတော့ ပိုပြီး စိတ်ပူရတာပေါ့” စစ်ဘေးရှောင်များကို သွားရောက်ကူညီနေသည့် ကျောက်မဲမြို့မှ ပရဟိတအသင်းဝင် တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် လူမှုရေး ပရဟိတအသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ဒေသခံများအပါအဝင် စေတနာရှင်အရပ်ရပ်မှ သွားရောက်ကူညီပေးမှုများ ရှိနေသော်လည်း တိုက်ပွဲများဆက်ဖြစ်နေပါက ရေရှည်မှာ ခက်ခဲနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“စစ်တွေဖြစ်လို့ ရှောင်နေရတာ (၅)လနီးပါး ရှိနေပြီ။ အိမ်က ကုန်းလောင်းရွာမှာ ခုထိ မပြန်ရသေးဘူး၊ တော့ဆန်ကနေ ပြန်ပြေးလာရတာ၊ ခု မန်ပင့်ရွာ ရောက်လာတာ (၁၀)ရက်ကျော်ပဲရှိဦးမယ်။ မိုင်းငေါ့မြို့နဲ့ဆို (၃)မိုင်လောက်တော့ဝေးတယ်။ အိမ်မပြန်နိုင်သေးဘူး” ဟု ကုန်းလောင်းရွာမှ တိုက်ပွဲရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ဒေသအနီးတွင် RCSS/SSA နှင့် SSPP/SSA ၊ TNLA တပ်တို့ ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံများ မိုင်းငေါ့မြို့သို့ လာရောက်တိမ်းရှောင်နေတာဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article