Wednesday, May 8, 2024

မူဆယ်မြို့မ ရဲစခန်း အကျဉ်းသား ၁၁ ဦးကိုဗစ်ပိုး ကူးစက်

Must read

သျှမ်းပြည်မြောက်ပိုင်း မြန်မာ – တရုတ်နယ်စပ်မြို့ မူဆယ်မြို့ မြို့မ ရဲစခန်းတွင် ယမန်နေ့ (ဇူလိုင် ၉ )ရက်တွင် အချုပ်ကျနေသည့် အကျဉ်းသား( ၁၁) ဦး ကိုဗစ် – ၁၉ ကူးစက်ခံနေရကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါပိုးတွေ့သည့် အကျဉ်းသားများသည် မူဆယ်မြို့ မြို့မရဲစခန်းမှ လားရှိုး အကျဉ်းထောင်သို့ လွဲပြောင်း ပေးရမည့် သူများဖြစ်ကြပြီး မပို့ခင်အချိန်တွင် စစ်ဆေးလိုက်ရာမှ ကိုဗစ်ပိုးကူးစက်နေရကြောင်းကို သိရှိရ ခြင်းဖြစ်ကြောင်း မူဆယ်မြို့မှ ပရဟိတ အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က မနက်ပိုင်း အယောက် (၅၀) ကို စစ်ဆေးပေးတယ်၊ အဲ့ထဲမှာ (၁၁) ယောက်က ပိုးတွေ့တယ်၊ ဒီ (၁၁) ယောက်က ကျား (၁၀) ယောက်၊ မ (၁) ယောက် ဖြစ်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့တွင် အကျဉ်းသား (၁၁) ယောက်အပါအဝင် ကိုဗစ် -၁၉ ကူးစက်ရောဂါပိုး အတည်ပြုလူနာ ၇၄ ဦး စစ်ဆေးတွေ့ရှိရပြီး ပိုးတွေ့အတည်ပြုလူနာများအနက် ယမန်နေ့မှာ ၂ ဦးသေဆုံးကြောင်း သိရသည်။

လက်ရှိတွင် မူဆယ်မြို့တွင်း၌ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာမှ အရာရှိ၊ ဝန်ထမ်းများ အပါအဝင် ပြည်သူများနှင့် အကျဉ်းဦးစီးဌာနမှ အကျဉ်းသားများလည်း ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်ခံနေရပြီး ယမန့်နေ့ ဇူလိုင်လ ၉ ရက်နေ့ အထိ ကိုဗစ် အတည်ပြု လူနာ စုစုပေါင်း ၃၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၉ ဦးထိ ရှိနေပါသည်။

Leave a Comments

- Advertisement -spot_img

Latest article