နမ့်ခမ်းအမျိုးသမီးတစ်ဦးကို TNLA မှ လူမှားဖမ်းမိသည့်ဟုဆိုကာ ပြန်လွှတ်ပေး

0

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က မှားဖမ်းမိသဖြင့် ယမန်နေ့ (ဇွန် ၁၇)ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက်တွင် နေထိုင်သည့် နန်းခမ်းအီ ကို ဇွန်(၁၅)ရက် ည ၈နာရီဝန်းကျင်တွင် TNLA တပ်ဖွဲ့ ကဆက်ကြေးမပေးပို့သည့် အကြောင်းပြချက်ဖြင့် လူအင်အား (၉ )ဦး လက်နက်ကိုင်ဆောင်ပြီး လာရောက်ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်။

ယနေ့ (ဇွန် ၁၈)ရက်မနက်ပိုင်းတွင် TNLA မှ မှားဖမ်းမိသည်ဟုဆိုကာ ၎င်းအမျိုးသမီးကို ပြန်လည်ပေးပို့ပေးခဲ့သည်ဟု သိရသည်။

“ထွက်လာပီ။ လူမှားဖမ်းတယ်လို့ပဲပြောတယ်။ သူတို့ ဘာမှ မပြောဘူး။ ပိုက်ဆံလည်း မတောင်းဘူး။ ခြိမ်းခြောက်တာ နှိပ်စက်တာတွေတော့ မရှိဘူး။မနေ့ ညနေပိုင်းမှာ ပြန်လွတ်ပေးလိုက်တယ်။” ဟု နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

နန်းခမ်းအီ ပြန်လည် လွှတ်မြောက်လာပြီဖြစ်ပြီး၊ TNLA ဖမ်းခေါ်ဆောင်သွားစဉ်တွင် ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းလည်း မရှိကြောင်း သိရသည်။

“ SSPP ဘက်က သွားကူပေးတာပါ။ နေကောင်းကျန်းမာပါတယ်။ အိပ်တဲ့နေရာလည်း ကောင်းကောင်းပေးတယ်။ ဘာကြေးမှ မတောင်းဘူး။ ရပ်မိရပ်ဖတွေလိုက်သွားခေါ်တယ်” ဟု နန်းခမ်းအီ နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

ထိုနည်းတူ ၂၀၂၀ ခုနှစ်အောက်တိုဘာ (၁၈) ရက်တွင်လည်း နမ့်ခမ်း အမျိုးသမီးတစ်ဦးကို (TNLA) မှ လူမှားပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် တိုင်းရင်းသားလက်နက်ကိုင် TNLA ၊ SSPP/SSA နှင့် RCSS/SSA တို့ သွားလာလှုပ်ရှားနေသည့်ဒေသဖြစ်ပြီး ဆပ်ကြေးများလည်း ဒေသခံ ပြည်သူလူထုထံ ကောက်ခံမှုရှိကြောင်း သတင်းရရှိသည်။

Leave a Comments