ရန်ကုန်မြို့တွင် အခြေစိုက်ထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(SNLD) (ကျားခေါင်း)ပါတီ ကို ပြည်ထဲရေးဝန်ကြီးဌာန မှ ဝင်ရောက်စစ်ဆေးမေးမြန်းခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန် (၁၀)ရက် နေ့လည်ပိုင်း တွင် စစ်ကောင်စီမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိ၊ မရှိနှင့် နိုင်ငံရေးပါတီ အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသည့် ပြဌာန်းချက်များနှင့် ငြိစွန်းမှု ရှိ၊မရှိ ကို လာရောက်စစ်ဆေးမေးမြန်းကြောင်း သိရသည်။
လာရောက်စစ်ဆေးသည့် အထဲတွင် ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ အဖွဲ့အစည်းများဖြစ်သည့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တို့ ပါဝင်ကြောင်းသိရသည်။
“ SNLD မှ ပါတီဝင်များ အမတ်များ အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မ တီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့နဲ့ အဆက်အသွယ်မရှိ စရဖ ( စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့) တွေက မေးမြန်းခဲ့ပါတယ်” ဟု SNLD ပါတီ မှ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။
ရန်ကုန်အခြေစိုက် SNLD ပါတီရုံးခန်းအပြင် ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေ ပါတီသစ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ နှင့် ဒီမိုကရက်တစ် ပါတီ (မြန်မာ)တို့ ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။










Leave a Comments