မိုးရေကြီးရေလျှံဖြစ်နေသည့် သီပေါ ဝမ်းလီ စစ်ရှောင်စခန်း

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ဝမ်းလီကျေးရွာစစ်ရှာင်စခန်း တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားကာ စစ်ရှောင် (၁၀၀) ကျော် အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရသည်။

စစ်ဘေးရှောင်များသည် လွန်ခဲ့သည့် တလကျော်တွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် သူများဖြစ်ကြသည်။

ထိုစစ်ရှောင်များနေထိုင်သည့် တဲတွင် မိုးရေမလုံခြင်း၊ မိုးကြီးပါက ရေကြီးရေလျှံမှုဖြစ်သဖြင့် နေထိုင်ရန် အဆင်မပြေကြောင်း၊ ချက်စားရန်လည်း ခက်ခဲနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။

“ မိုးရွာတော့ မိုးကာကနေ မိုးပတ်တော့အိပ်လို့မရဘူးပေါ့။ တဲထိုးနေတာဆိုတော့ မိုးယိုတယ်။ တဲထဲလည်း ရေတွေဝင်တော့ ချက်စားလို့လည်းမရ။ အရမ်းဒုက္ခရောက်နေတယ်” ဟု သီပေါမြို့ စစ်ဘေးရှောင် ကူညီပေးသည့် လူငယ်တစ်ဦးက ပြောသည်။

ဝမ်လီးကျေးရွာမှ စစ်ဘေးရှောင်များသည် ယခင်တွင် ဘုန်းကြီးကျောင်းထဲတွင် နေထိုင်ကြရာ ရက်ကြာလာသည့်အတွက် ဘုန်းကြီးကျောင်း အပြင်ဘက် ပြောင်းကာ ကိုယ်တိုင် တဲဆောက်နေနေကြသူများဖြစ်ကြသည်။

“ မိုးကြီးရင် အဆင်မပြေဘူး။ မိုးရာသီဆိုရင်တော့ တော်တော်ဒုက္ခရောက်မယ်။ မိုးကာတွေက ရေကြီးမိုးကြီးဆိုရင် မလုံဘူးလေ။ စစ်ရေးကလည်း တင်းမာနေတော့ မပြန်ရဲကြသေးဘူး။ ရောက်နေတာ တလကျော်ပြီ” ဟု စစ်ရှောင်ကူညီ နေသည့်အမျိုးသမီးက ပြောသည်။

ယခုရာသီတွင် စိုက်ပျိုးရေး လုပ်ဆောင်ရသည့်အချိန်ဖြစ်သဖြင့် ပြည်သူများသည် မိမိနေရပ်ကို ပြန်ကာ စိုက်ပျိုးရေးပြုလုပ်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးမပြုလုပ်ရပါက နောင်နှစ်အတွက် စားဝတ်နေရေး၊ ကလေးပညာရေး အခက်အခဲဖြစ်နိုင်ကြောင်းသိရသည်။

အလားတူ မေလ ၁၉ တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း သီပေါမြို့နယ် နမ်လန့် ဝမ်းစိမ်းကျေးရွာအနီး တွင် တိုက်ပွဲပြင်ထန်းမှုကြောင့် ပြည်သူ (၂၅၀၀ )ကျော် စစ်ဘေးရှောင်နေရကြောင်းသိရသည်။

Leave a Comments