Thursday, April 25, 2024

လားရှိုးမြို့ ရှိ ဘဏ်များတွင် ငွေထုတ်ရန် ပိုခက်ခဲလာ

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ဘဏ်တစ်ချို့၏ ငွေထုတ်စက် (ATM) တွင် ငွေထုတ်ယူရန် ခက်ခဲသည့် အပြင် Wave Money ၊ Kpay လည်း ငွေထုတ် မရရှိတော့ကြောင်း လားရှိုး ပြည်သူများ ပြောပြချက် အရသိရသည်။

လားရှိုးမြို့ ရှိ CBဘဏ်၊ AYAဘဏ်၊ KBZ ဘဏ်၊ ရိုးမဘဏ် နှင့် မြန်မာ့စီးပွားရေးဘဏ် စသည့်ဘဏ်များတွင် ငွေထုတ်ယူရန် ခက်ခဲနေကြောင်း သိရသည်။

“wave money နဲ့ Kpay က လုံးဝ ထုတ်မရတော့ဘူး။ ပိုက်ဆံမရှိသေးဘူးပဲ ပြောနေတယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကဆို wave money ထုတ်ဖို့ ကျပ် ၁ သိန်း ကို(၁၂၀၀၀) ပေးရတယ်။ အခုတော့ တော်တော်များများ မရတော့ဘူး။” ဟု လားရှိုးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဖေဖော်ဝါရီ (၁) ရက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ပြည်သူများ ဆန္ဒပြခြင်း ဘဏ်ဝန်ထမ်းများလည်း CDM ပါဝင်လာခြင်း ဘဏ်များ ပိတ်ခဲ့ရသည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ငွေများကို ကန့်သတ်ထုတ်ပေးပြီး ဘဏ်အတွင်း လှည့်ပတ်မှုမှာ ထုတ်ငွေတာ ရှိပြီး သွင်းငွေ မရှိတော့ကြောင်း ပြည်သူများက ဝေဖန်ထောက်ပြကြသည်။

ငွေထုတ်နိုင်ရန်အတွက်လည်း ငွေထုတ်စက်ရှေ့တွင် မနက် (၄) နာရီခန့် လာရောက် တန်းစီသည်ကိုလည်း တွေ့ရပြီး တစ်ချို့ပြည်သူများလည်း ရာခိုင်နှုန်းဖြင့် ငွေများ ထုတ်ပေးကြကြောင်း စုံစမ်းသိရှိရသည်။

“၁၂ ရက်နေ့ကတည်းက ငွေထုတ်ဖို့ တန်းသွားစီသေးတယ်။ ခနလေးပဲ ကိုယ့်အလှည့်တောင်မရောက်သေးဘူး ငွေကုန်လို့တဲ့ ။ အဲ့နေ့ နေ့လည်လဲ ဘာသတင်းမှ မရဘူး နောက်နေ့ကျတော့ လုံးလုံးကို မရတော့ဘူး။ ခုထိ ငွေထုတ်တာ မရဘူး။” လားရှိုးဒေသခံ တစ်ဦး ကပြောသည်။

သျှမ်းပြည်တွင်းရှိ ဘဏ်ရှိ ငွေထုတ်စက် တစ်ချို့တွင်လည်း ငွေများ မရှိခြင်း ၊ တိုကင်ရရန်အတွက် မနက် (၄) နာရီခန့် သွားတန်းစီရကြောင်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ (KBZ) တွင်လည်း (၅၀)ကျပ်တန်း ငွေစက္ကူ အစ ထုတ်ပေးနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article