သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ရေပူဂိတ်အနီးတွင် ယနေ့ မေ(၁၉) ရက် မနက်ပိုင်းအချိန်တွင် လက်နက်ကြီး လက်နက်ငယ် ပစ်သံကြားရကြောင်း သတင်းရရှိသည်။

“ဒီနေ့ မနက် (၆) နာရီလောက် စပစ်ကြတာ။ လက်နက်ကြီးတွေ ပစ်ကြတာ။ ခ။၁၀ မိနစ်လောက် ပဲ ရပ်သွားသေးတယ်။ နောက် ၉ နာရီလောက်ထိ ပစ်တယ်။ အသံက တဖက်သံမဟုတ်ဘူး နှစ်ဖက် ပစ်နေတဲ့အသံ ” ဟု ရေပူကျေးရွာ ဒေသခံ တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။
ယနေ့မနက် (၆)နာရီမှ စတင်ပစ်ခတ်နေသည့် လက်နက်သံသည့် မနက် ၉ နာရီကျော်ထိ ပစ်ခတ်နေကြောင်း၊ မည်သည့် လက်နက်ကိုင်တပ်ဖွဲ့များ ပစ်ခတ်နေသည့် ကို အတည်မပြုနိုင်သေးကြောင်းလည်း ရေပူကျေးရွာဒေသခံတစ်ဦး က ပြောသည်။
တိုက်ပွဲကြောင့် ရေပူကျေးရွာရှိ ကလေး နှင့် အသက်ကြီးသူများ သည် လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
“ တိုက်ပွဲဆက်ဖြစ်မဖြစ်တော့ မသိတော့ဘူး။ ကလေးနဲ့ သက်ကြီးသူတွေ လားရှိုးဘက် တိမ်းရှောင်နေရတယ်။ ဘယ်အဖွဲ့တွေ ဖြစ်နေလဲ မသိရသေးဘူး” ဟု ၎င်း က ဆိုသည်။
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ထဲတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်) လွှတ်မြောက်ရေး တပ်မတော် (TNLA) နှင့် စစ်ကောင်စီ တို့ လှုပ်ရှားကြသည့် နေရာတခုဖြစ်သည်။











Leave a Comments