သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်း သန်းခေါင်ယံအချိန် ပေါက်ကွဲသံ ကြားရသည့်အတွက် ပြည်သူများ စိုးရိမ် ထိတ်လန့်နေကြကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ မေ (၁၈) ရက် မနက် ၁၂ နာရီ ၁၀ မိနစ်ခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပြီး နေအိမ်များ တုန်လှုပ်သွားကာ ၃ မိနစ်အတွင်း ပေါက်ကွဲမှု (၄) ကြိမ် ထပ်မံဖြစ်ပွားကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“အသံက ဟိန်းခနဲပဲ။အိပ်ချိန်ဆိုတော့။ လန့်သွားကြတယ်။ ။အရင်ကလည်း ဒါမျိုးဖြစ်ဖူးတယ်။ ပေါက်ကွဲသံ (၄) ချက်ကြားရပြီး တချို့က ဗုံးပေါက်တယ်ပြောကြပေမယ့် ပေါက်ကွဲတဲ့နေရာ မတွေ့ရ မသိရပဲ အများကတော့ တရုတ် ဂတ် ပိုက်လိုင်း ပို့လွှတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အသံလို့ ပြောကြတယ်။” ဟု နမ့်ခမ်းဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။
ယမန်နေ့ က အသံကျယ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း မည့်သည့်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားသည်ကို မသိရှိကြသဖြင့် နမ့်ခမ်းမြို့နယ် အတွင်းဖြတ်သန်းနေသည့် တရုတ်ဂတ်စ်ပိုက်လိုင်း မှ ထွက်ပေါ်လာသည့်အသံ ဟုလည်း နမ့်ခမ်းဒေသခံများက သုံးသပ်ပြောဆိုကြသည်။
နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအနီးတွင် တရုတ်ဂတ်စ်ပိုက်လိုင်း ထိန်းချုပ်သည့်နေရာ တစ်ခုရှိကြောင်း သိရသည်။
“ဂတ်စ်ပိုက်လိုင်းတာ ပေါက်ရင်တော့ နမ့်ခမ်းမြို့အတွက် စိုးရိမ်စရာပါပဲ။ မြို့ရဲ့ အနီး လယ်ကွင်းမှာပဲ ဖြတ်သွားကြတာလေ ပိုက်လိုင်းနေရာက။ တစ်ချို့နေရာဆို ရွာထဲမှာ။ သူတို့ ဂတ်စ် လွတ်တဲ့ ဖိအားကြောင့်ထင်တယ်။ ဆောင့်ပြီး စီးဆင်းသွားတဲ့ သဘော။ ဂတ်စ် လွှတ်တာတောင် အဲ့လောက်မြေကြီးတွေ တုန်ခါသွားတာ ပေါက်ကွဲရင်တော့ မလွယ်လောက် မတွေးဝံ့ဘူး” ဟု ဒေသခံ တစ်ဦး ကပြောသည်။
ယခင်တွင်လည်း တရုတ်ဂတ်စ်ပိုက်လိုင်းမှ လွှတ်ရာမှ ထွက်လာသည့်အသံဖြစ်ပွားခဲ့ဖူးကြောင် ဒေသခံများက ပြောသည်။
“အရင်ကလည်း ဖြစ်ဖူးတယ်။ ဒါပေမယ့် အဲ့လောက်မပြင်းဘူး။ ကျယ်တယ်ဆိုလည်း တစ်ကြိမ်လောက်ပဲဖြစ်တာ အခုက ၃ မိနစ်အတွင်း လေးကြိမ်ဆိုတော့ လန့်သွားကြတာ။” ဟု နမ့်ခမ်းဒေသခံ တစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏသိမ်းမှုနောက်ပိုင်း နိုင်ငံရေး တင်းမာမှုများ ကြီးထွားလာချိန်မှာ မြန်မာ နှင့် တရုတ်နိုင်ငံကြား သွယ်တန်းထားသည့် ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ လုံခြုံစေရန် အကာအကွယ်ပေးဖို့အတွက် မြန်မာစစ်တပ်ကို တရုတ်ဘက်မှ ပြောဆိုထားကြောင်းလည်း သိရသည်။











Leave a Comments