ကွတ်ခိုင်မြို့ အနီး တိုက်ပွဲပြင်းထန်နေ

0

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဘန်ကျေးရွာအနီးတွင် ယနေ့ ( မေ ၄)ရက် ညနေ ၃နာရီမှ စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။

အဆိုပါ တိုက်ပွဲသည် အကြမ်းဖက် စစ်ကောင်စီ နှင့် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင် ) TNLA၊ ကချင် တပ် (KIA)ပူးပေါင်းတို့ ဖြစ်ပွားကြောင်း၊ လက်ရှိ အချိန်ထိ တိုက်ပွဲများဖြစ်ပွားနေသဖြင့် မန်ဘန်ကျေးရွာပြည်သူများ ဗုံးခိုကျင်းတွင် သွားရောက်နေရကြောင်း မန်ဘန်ကျေးရွာ ဒေသခံ အမျိုးသားတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲက ညနေ (၃)နာရီက အခုထိ (ည ၇နာရီခွဲ)ထိ ဖြစ်နေပါတယ်။ လက်နက်ကြီးသံ ၂၅ကြိမ်မက ပစ်နေတယ်။ ကျနော်တို့အခု ဗုံးခိုကျင်းမှာ နေနေရတယ်။ အခု လက်နက်ကြီးသံကြားနေရတုန်းပဲ” ဟု မန်ဘန်းကျေးရွာဒေသခံ အမျိုးသားက ဆိုသည်။

ထို့အပြင် ကွတ်ခိုင်မြို့ အနီး မန်ဘန်ကျေးရွာနှင့် နောင်ဆွေကျေးရွာ အကြား ( ကွတ်ခိုင်-မူဆယ်)သွား ပြည်ထောင်စုလမ်း တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေသေးကြောင်း သိရသည်။

“ အခုချိန်ထိ တိုက်ပွဲက ဖြစ်နေတော့ ဘယ်နေရာထိခိုက်တယ်ဆိုတာ မသိရသေးဘူး။ အိမ်ကို လက်နက်ကြီး ၂လုံးကျတယ်။ ကျွဲ၊နွားတွေ သေတယ်လို့ ကြားရတယ်။ မနက်မှ သိရမယ်” ဟု ၎င်း အမျိုးသားက ပြောသည်။

ထို့ပစ်ခတ်မှုကြောင့်ကွတ်ခိုင်မှ မူဆယ်မြို့ သို့သွားသည့် အိမ်စီးကား တစီး ကျည်ထိမှန်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း လည်း ကွတ်ခိုင်ဒေသခံများ ပြောပြချက် အရသိရသည်။

Leave a Comments