“ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးနေ့” သျှမ်းပြည်တွင် (၂)ဦးကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများပြား

0

ဒုတိယအကြိမ် “ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့” မတ် (၂)ရက်တွင် တွင် သျှမ်းပြည်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူ (၂ ) ဦးကျဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ မတ်လ (၂) ရက်တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့တွင် မြန်မာပြည်တဝှမ်း လမ်းပေါ်ထွက် ဆန္ဒပြမှု ပြုလုပ်ခဲ့ရာ ဆန္ဒပြသူ (၆)ဦး ကျဆုံးခဲ့ပြီး ထိုထဲတွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နှင့် နောင်ချိုမြို့တွင် အမျိုးသား ၂ ဦး လည်း ကျဆုံးခဲ့ကြောင်း သတင်းရရှိရသည်။

“နောင်ချိုမှာ လူထုသပိတ်ကို အကြမ်းဖက် စစ်ကောင်စီမှ သေနတ်နဲ့ ဖြိုခွင်းတော့ အရပ်သား တစ်ဦးကျဆုံးတယ်။ တဦးက ကျည်ထိ ဒဏ်ရာရတယ်။ ဆန္̔ဒပြသူ (၂၀) ကျော် ဖမ်းထားပြီး ညနေပိုင်းမှာ ပြန်လွှတ်လာပေးတယ်” ဟုနောင်ချိုမြို့ ဆန္̔ဒပြရာတွင်ပါဝင်ခဲ့သည့် အမျိုးသား တဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မေ (၂) ရက်တွင် ၃ လပြည့် အကြမ်းဖက် စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို လုယူပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပြည်သူများကို အကြမ်းဖက် ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

အလားတူ သီပေါမြို့ရှိ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လူငယ်များကို အကြမ်းဖက် စစ်ကောင်စီမှ ကျည်အစစ်ဖြင့် ဖြိုခွင်းခဲ့ပြီး လူငယ်တဦး နဖူးတည့်တည့်ထိကာ ကျဆုံးခဲ့ရပြီး တဦးမှာ ခြေထောက်ဒဏ်ရာရရှိခဲ့ကြောင်း သီပေါမြို့ မျက်မြင်တွေ့ရှိသူ တဦး ကပြောသည်။

“အကြမ်းဖက် စစ်ကောင်စီက ကျည်အစစ်နဲ့ ဖြိုခွင်းတော့ (၁) ဦး ကျဆုံးခဲ့တယ်။ ၂ဦးဒဏ်ရာခဲ့တယ်။ အမျိုးသမီး တဦးက ပေါင်ထိတယ်။ တယောက်ကတော့ သိပ်မပြင်းထန်ဘူး။ အများအပြား ဖမ်းခံရတယ်။ ညနေပိုင်းမှာ ပြန်လွှတ်ပေးတယ်” ဟု သီပေါဒေသခံမျက်မြင် တဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

သီပေါမြို့ရှိ လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီမှ ဖြိုခွင်းပြီးနောက် နေ့လည် (၁)နာရီနောက်ပိုင်း အိမ်ပြင်ထွက်သူများ ကို သေနတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည် ။

ဆက်လက်ပြီး လူအင်အားထောင်ချီပါဝင်သည့် ကျောက်မဲမြို့မှ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ လူထုသပိတ် စစ်ကြောင်း ချီတက်နေစဉ် ဒလန်ဆိုင်ကယ် (၂) စီးလည်း ကို မီးရှို့ဖျက်ဆီးခဲသည်ကိုလည်း တွေ့ရှိရသည်။

“ကျနော်တို့ သပိတ်စစ်ကြောင်း ချီတက်နေရတဲ့ချိန်မှာပဲ ဒလန်ဆိုင်ကယ် (၂) စီးကို မီးရှို့ဖျက်ဆီးခံရပါတယ်။” ဟု ကျောက်မဲ သပိတ်စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦးကပြောသည်။

အလာတူး သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင်လည်း လူထုသပိတ်စစ်ကြောင်းများကို အကြမ်းဖက် စစ်ကောင်စီမှ ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။

“လူငယ်တစ်ဦးက ရာဘာကျည် (၃) ချက် ထိခဲ့တယ်။ ဦးခေါင်း တစ်ချက် နဲ့ ခြေထောက် (၂) ချက် ထိခဲ့ရတယ်။ ဖမ်းဆီးခံရတဲ့သူတွေလည်းရှိပါတယ်။” ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။

သျှမ်းပြည်တွင်းရှိ မြို့နယ်များအားလုံးနီးပါး မတ်(၂) ရက်တွင် ကမ္ဘာနွေဦးတော်လှန်ရေးနေ့ တွင် စစ်အာဏာရှင် ကို မြို့တိုင်းနီးပါး လမ်းပေါ်ပြန်ထွက်ကာ ဆန္ဒပြခဲ့ကြသည်။

မေ (၂) ရက်တွင် နွေဦးတော်လှန်ရေး ဒုတိယလှိုင်းအဖြစ် မြန်မာတစ်ဝှမ်းလုံးရှိ ပြည်သူများ နှင့် အတူ ပြည်ပရောက် မြန်မာနိုင်ငံသားများလည်း စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္̔ဒပြခဲ့သည်။

စစ်အာဏာရှင် အုပ်စိုးခဲ့သည့် ၃ လတာ ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လက်ချက်ကြောင့် ကျဆုံးသူ (၇၆၅)ဦးရှိပြီး၊ ဖမ်းဆီးချုပ်နှောင်ခံနေရသူ (၃၅၅၅) ဦးရှိကြောင်း၊ ဖမ်းဝရမ်းထုတ်ခံရသူ (၁၃၉၆)ဦးရှိကြောင်း AAPP သတင်းထုတ်ပြန်ချက် အရသိရသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိခြင်း သတင်းသမားများကို ဖမ်းဆီးခြင်း၊ သတင်းထုတ်ဝေသည့် လိုင်စင်ပိတ်သိမ်းခြင်းများ ရှိခဲ့သည်။


ယခုလက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီမှ မြန်မာနိုင်ငံရှိ သတင်းထုတ်ဝေခွင့် ပိတ်သိမ်းထားသည့် သတင်းဌာန (၆) ခုရှိသွားပြီဖြစ်ကြောင်း သိရသည်။

Leave a Comments